တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဆက်ဆံရေးပြန်လည် လေးနက်စေရန်ရည်ရွယ်လျက် အရှေ့တောင်အာရှနိုင်ငံများသို့ ခရီးထွက်ခွာ

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဆက်ဆံရေးပြန်လည် လေးနက်စေရန်ရည်ရွယ်လျက် အရှေ့တောင်အာရှနိုင်ငံများသို့ ခရီးထွက်ခွာ

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် မြန်မာ၊ ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့သို့ ဇူလိုင် ၃ ရက်မှ ၁၄ ရက်အထိ တရားဝင်ခရီး သွားရောက်မည်ဖြစ်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောင်လီကျန်းက နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဇူလိုင် ၂ ရက်တွင် မြန်မာနိုင်ငံသို့ သွားရောက်စဉ် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးသို့တက်ရောက်မည်ဖြစ်ကြောင်း ဇူလိုင် ၁ ရက်က ကြေညာခဲ့သည်။

ယခုခရီးစဉ်သည် မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုပြီးနောက် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား အဆင့်မြင့် အစည်းအဝေးဖြစ်ကြောင်း China Global Television Network မှ သတင်းထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးသည် အိန္ဒိယပြည်ပရေးရာဝန်ကြီး အက်စ်ဂျိုင်ရှန်ကာနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလဗ်ရော့တို့ တက်ရောက်မည့် အင်ဒိုနီးရှား၌ကျင်းပသော ဂျီ-၂၀ အဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့လည်း တက်ရောက်မည်ဖြစ်သည်။

ဝမ်ယိသည် ကွမ်ရှီးပြည်နယ် နန်နင်းမြို့တွင် တရုတ်-အင်ဒိုနီးရှား အဆင့်မြင့်ဆွေးနွေးပွဲပူးပေါင်းဆောင်ရွက်ရေး ယန္တရား ဒုတိယအကြိမ်မြောက်အစည်း အဝေးနှင့် တရုတ်-ကမ္ဘောဒီးယား နှစ်နိုင်ငံအစိုးရပူးပေါင်းဆောင်ရွက်ရေး ကော်မတီ၏ ဆဋ္ဌမအကြိမ်မြောက် အစည်းအဝေးကို ဦးဆောင်ကျင်းပမည်ဟု ကျောင်လီကျန်းက ဆိုသည်။

တရုတ်နိုင်ငံ ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI) သည် ၎င်း၏ ကမ္ဘာလုံးဆိုင်ရာ လွှမ်းမိုးမှုနှင့်ပတ်သက်၍ ဂျာမနီနိုင်ငံ၌ ကျင်းပသည့် ဂျီ-၇ ထိပ်သီးအစည်းအဝေးတွင် ဝေဖန်မှုများစွာခံရပြီးနောက် ဝမ်ယိ၏ခရီးစဉ် ပေါ်ပေါက်လာခြင်းဖြစ်သည်။ ဝမ်ယိ၏ ခရီးစဉ်သည် စီမံကိန်းရှိရာနိုင်ငံများနှင့် တရုတ်နိုင်ငံ၏ ဆက်ဆံရေးကို ပြန်လည်လေးနက်ရန် ရည်ရွယ်သည်။

ဂျီ-၇ ပဏာမခြေလှမ်းသစ်သည် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းမှတစ်ဆင့် ကြီးထွားလာသော တရုတ်၏ စစ်ရေးစွမ်းရည်နှင့် စီးပွားရေးလုပ်ငန်းများကို တားဆီးရန် ရည်ရွယ်ထားကြောင်း အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ခ်ဆူလီဗန်က ပြောသည်ဟု Vision Times တွင် ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required