တောင်ကြီးမြို့ အထက (၁) တွင် ကျောင်းသားချင်း ခိုက်ရန်ဖြစ်ပွားသည့်ရုပ်သံဖိုင် ထွက်ပေါ်လာပြီးနောက် အထူးစည်းကမ်းချက်များ ထုတ်ပြန်

တောင်ကြီးမြို့ အထက (၁) တွင် ကျောင်းသားချင်း ခိုက်ရန်ဖြစ်ပွားသည့်ရုပ်သံဖိုင် ထွက်ပေါ်လာပြီးနောက် အထူးစည်းကမ်းချက်များ ထုတ်ပြန်

ဇွန် ၄

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ အ.ထ.က(၁)ကျောင်းတွင် နဝမတန်း(ကိုးတန်း) ကျောင်းသားနှစ်ဦးက အဋ္ဌမတန်း(ရှစ်တန်း)ကျောင်းသားအား နေ့လယ်ထမင်းစားချိန်တွင် ကျောင်းထဲရှိ ကျောင်းသားများအသုံးပြုသည့် သန့်စင်ခန်းထဲ၌ ဝိုင်းဝန်းရိုက်နှက်ထိုးကြိတ်နေမှု ရုပ်သံဖိုင် ထွက်ပေါ်ပြီးနောက် ကျောင်းသား၊ ကျောင်းသူများအား အထူးစည်းကမ်းချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။

ထုတ်ပြန်ထားသော စည်းကမ်းချက်များမှာ ကျောင်းသို့ ဖုန်းယူလာခြင်း၊ ကျောင်းတွင်ခိုက်ရန်ဖြစ်ပွားခြင်း၊ ကျောင်းတွင်း၊ ကျောင်းပြင်ပတွင် အုပ်စုဖွဲ့ အနိုင်ကျင့်ခြင်းများ ကျူးလွန်ပါက စစ်ဆေးမေးမြန်းခြင်းမရှိဘဲ ကျောင်းပြောင်းလက်မှတ် ချက်ချင်း ထုတ်ပေးမည်ဖြစ်ကြောင်းနှင့် ရည်းစားထား၍ ချိန်းတွေ့ခြင်း၊ မဖွယ်မရာ ပြုလုပ်ခြင်း၊ မည်သည့် အကြောင်း အရာမဆို အချိန်းအချက်ပြုလုပ်ခြင်းများ ကျူးလွန်ပါက မိဘနှင့်အတူ သုံး ကြိမ်ခေါ်ယူသတိပေးပြီး ကျောင်းပြောင်း လက်မှတ် ထုတ်ပေးမည်ဖြစ်ကြောင်း ကျောင်းသား/သူများနှင့် မိဘအုပ်ထိန်းသူများကို ခေါ်ယူလက်မှတ်ရေးထိုး ခိုင်းခြင်းဖြစ်သည်ဟု သိရသည်။

ခိုက်ရန်ဖြစ်ပွားသော ဖြစ်စဉ်မှာ ဇွန်လ ၁၄ ရက်က ဖြစ်ပွားခဲ့ပြီး ကျောင်းသားများ ခိုက်ရန်ဖြစ်ပွားပြီးပြီးချင်း နှစ်ဖက်ကျောင်းသားမိဘများမှာ ကျောင်းတွင် ကြေအေးကြောင်း ခံဝန်များ ထိုးထားပြီးဖြစ်ကြောင်း၊ သို့သော်လည်း ဖြစ်စဉ်ကို မှတ်တမ်းတင် ရိုက်ကူးထားသော ဗီဒီယိုမှာ ဇွန်လ၂၆ ရက်က လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့မှုဖြစ်လာသောအခါ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့မှ ဇွန်လ ၂၇ ရက် ညနေ ၆ နာရီဝန်းကျင်တွင် ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသားမိဘများကို ကျောင်းဝန်းထဲရှိ ကျောင်းအုပ်ဆရာမကြီးအိမ်တွင် စစ်ဆေးမေးမြန်းမှုများပြုလုပ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်များအပြီးတွင် ယခုကဲ့သို့ ၂ဝ၂၂-၂၀၂၃ ပညာသင်နှစ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ တောင်ကြီးမြို့ ကျောင်းသား၊ကျောင်းသူများလိုက်နာရန်အထူးစည်းကမ်းချက်များ ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

တောင်ကြီးမြို့တွင် ပြီးခဲ့သည့် ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်တွင် တောင်ကြီးမြို့ပေါ်တွင် ကျောင်းအပ်နှံသူ ကျောင်းသား ၂၆,၃၅၈ ဦးနှင့် တောင်ကြီးတစ်မြို့နယ်လုံးတွင် ၅၄,၀၃၆ ဦး ရှိခဲ့ပြီး ယခုနှစ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တောင်ကြီးမြို့ပေါ်တွင် ကျောင်းအပ်နှံသူ ၂၉,၆၂၁ ဦးနှင့် တောင်ကြီးတစ်မြို့နယ်လုံးတွင် ၅၈,၃၅၇ ဦးရှိပြီး လက်ရှိတွင်တောင်ကြီး အထက (၁)၌ ကျောင်းသား ဦးရေ ၂,၀၀၀ ဝန်းကျင်ရှိကြောင်းသိရသည်။

#mizzima

#တောင်ကြီးမြို့

#ခိုက်ရန်ဖြစ်ပွား

#လူမှုကွန်ရက်စာမျက်နှာ

#အထူးစည်းကမ်းချက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required