ကုလလူ့အခွင့်အရေးအကြီးအကဲ၏ ပထမဆုံး တရုတ်ခရီးစဉ်က သမိုင်းဝင်အခွင့်အရေးများကို ကောင်းစွာ အသုံးမချနိုင်ခဲ့

ကုလလူ့အခွင့်အရေးအကြီးအကဲ၏ ပထမဆုံး တရုတ်ခရီးစဉ်က သမိုင်းဝင်အခွင့်အရေးများကို ကောင်းစွာ အသုံးမချနိုင်ခဲ့

ကုလသမဂ္ဂလူ့အခွင့်အရေးအကြီးအကဲမီချဲလ်ဘက်ချလက်၏ မကြာသေးမီကသွားရောက်ခဲ့သော တရုတ်ခရီးစဉ်သည် ရှင်ကျန်းနှင့်တိဗက်ကဲ့သို့သော ဒေသများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ စုံစမ်းစစ်ဆေးရန်နှင့် ထိုကျူးလွန်မှုများအတွက် တရုတ်ကို တာဝန်ယူခိုင်းရန် ရှားပါးအခွင့် အရေး ဖြစ်နိုင်သော် လည်း လူ့အခွင့်အရေးအဖွဲ့၏ ပထမဆုံးခရီးစဉ်သည် သမိုင်းဝင်အခွင့်အရေးကို အလဟဿ ဖြုန်းတီးရာ ရောက်ခဲ့သည်။

နှစ်ပေါင်း ၁၇ နှစ်အတွင်း ကုလအကြီးအကဲတစ်ဦး၏ ပထမဆုံးတရုတ်ခရီးစဉ်သည် ယနေ့ခေတ်တွင် ကုလသမဂ္ဂ၏ အခန်းကဏ္ဍနှင့် ဇာတ်ကြောင်းများပုံဖော်ခြင်းနှင့်လှည့်စားခြင်းတို့တွင် တရုတ်ထိန်းချုပ်ထားသည့် လွှမ်းမိုးမှုအတိုင်းအတာနှင့်ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံများအတွက် မေးခွန်းထုတ်စရာဖြစ်ခဲ့သည်။

တရုတ်နိုင်ငံသို့ ၆ ရက်တာခရီးစဉ်အပြီးတွင် ဘက်ချလက်သည် ၎င်း၏ခရီးနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာစွာ မချပြသလို ရှင်ကျန်းအကျဉ်းထောင်သို့သွားသည်ဆိုသည်မှာလည်း ဟန်ပြလုပ်ရပ်သာဖြစ်ကြောင်း ဝါရှင်တန် အခြေစိုက် ဝီဂါလှုပ်ရှားမှုအဖွဲ့ကို ကိုးကား၍ RFA က ဖော်ပြသည်။

“လူ့အခွင့်အရေးမဟာမင်းကြီးဟာ တရုတ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို စုံစမ်းဖို့ ငြင်းပယ်ခဲ့ပြီး တရုတ်အာဏာရှင် အစိုးရရဲ့ ဇာတ်ကြောင်းတွေကို သံယောင်လိုက် ထောက်ခံပြီး ကုလသမဂ္ဂမှာ တရုတ်ရဲ့ ဝါဒဖြန့်မှုကို ပိုမိုခိုင်မာ စေခြင်းအားဖြင့် သူမကိုယ်သူမနဲ့ ကုလရုံးကို အရှက်ရစေခဲ့ပါတယ်” ဟု တိဗက်ရေးရာလှုပ်ရှားမှုအဖွဲ့မှ အမှုဆောင် ဒါရိုက်တာ ရူရှန်အဘက်စ်ကပြောသည်။

ဘက်ချလက်၏ စိတ်ပျက်ဖွယ်အလွန်ကောင်းသော ခရီးစဉ်အပြီးတွင် လူသားမျိုးနွယ် အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် လူမျိုးတုံးသတ်ဖြတ်မှုကို တရုတ်အစိုးရအနေဖြင့် တာဝန်ယူမှုစေလိုကြောင်း ဆန္ဒရှိသည်ကို ပြသသည့် အနေဖြင့် ဘက်ချလက်၏ရုံးမှ အရှေ့တာကစ္စတန်အခြေအနေဆိုင်ရာ အလွတ်သဘော အကဲဖြတ်ချက် ကို ထုတ်ပြန်ရန် ကမ္ဘာ့ဝီဂါကွန်ဂရက် (WUC) က တိုက်တွန်းခဲ့သည်။

တိဗက်ရေးရာနိုင်ငံတကာလှုပ်ရှားမှု (ICT)ကလည်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး၏ တရုတ်ခရီးစဉ်ကို စိတ်ပျက်ကြောင်း  ထုတ်ဖော်ပြောဆိုခဲ့သလို ၎င်းခရီးစဉ်သည် ကွန်မြူနစ်အစိုးရအား နိုင်ငံရေးအောင်ပွဲ ရစေခဲ့သည်ဟု ဆိုသည်။

ကုလသမဂ္ဂအခွင့်အရေးအကြီးအကဲသည် တရုတ်ကွန်မြူနစ်ပါတီ၏ မူဝါဒမူဘောင်များကို ပြည်တွင်း၌သာမက ပြည်ပ၌ပါ အတည်ပြုလိုက်ခြင်းဖြစ်ကြောင်း တိဗက်အဖွဲ့က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly