အွန်လိုင်းနှီးနှောဖလှယ်ပွဲများက တရုတ်၏ တိဗက်ရေးရာ နောက်ဆုံးဝါဒဖြန့်လက်နက်ဖြစ်လာ

By Tibet Rights Collective
28 June 2022
အွန်လိုင်းနှီးနှောဖလှယ်ပွဲများက တရုတ်၏ တိဗက်ရေးရာ နောက်ဆုံးဝါဒဖြန့်လက်နက်ဖြစ်လာ

ခေတ်သစ်တွင် တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ အပြောင်းအလဲများကို ဆွေးနွေးရန် တရုတ်နိုင်ငံလုံးဆိုင်ရာ သတင်းထောက်များအသင်းက အွန်လိုင်းဆွေးနွေးပွဲတစ်ခုကို ပေကျင်း၌ ဇွန်လ ၂၂ ရက်က ကျင်းပခဲ့ကြောင်း တရုတ်အစိုးရပိုင်မီဒီယာက ဖော်ပြသည်။

တရုတ်တိဗက်ဗေဒသုတေသနဌာန၏ သမိုင်းအင်စတီကျုမှ သုတေသီ ကျန်းယန်က 'တရုတ်ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုနှင့် ဌာနေအလုပ်သမားအဖွဲ့များ၏ ကြိုးစားအားထုတ်မှုအောက်တွင် တိဗက်သည် အသွင်အပြင် လုံးဝ ပြောင်းလဲခဲ့သည်' ဟု အလေးပေးဖော်ပြခဲ့သည်။ ဤအချက်မှာ လုံးဝမမှန်ကန်ဘဲ ၎င်းသည် ၁၉၅၉ ခုနှစ်တွင် ဥပဒေမဲ့ သိမ်းပိုက်ခဲ့သော တိဗက်နှင့်ပတ်သက်၍ သတင်းအမှားဖြန့်ရန် ကြိုးပမ်းမှုဖြစ်သည်။

တိဗက်တွင် ဆိုးရွားသော လူ့အခွင့်အရေး ချိုဖောက်မှုများ ဖြစ်ပွားလျက်ရှိပြီး ဆန္ဒထုတ်ဖော် ရမည့်နည်းလမ်းမရှိသောကြောင့် တိဗက်လူမျိုးများသည် ကိုယ့်ကိုယ်ကိုယ် မီးရှို့ကာ ဆန္ဒဖော်ထုတ်နေကြရသည်။

တရုတ်တိဗက်ဗေဒသုတေသနစင်တာမှ လူမှုစီးပွားရေးအင်စတီကျုဒါရိုက်တာ ကျားလျူက စိမ်းလန်း စိုပြည်သောဖွံ့ဖြိုးတိုးတက်မှုမှာ တိဗက်၏ထူးခြားသောအသွင်အပြင်ဖြစ်ကြောင်း မီးမောင်းထိုးပြခဲ့ကာ တိဗက်ကုန်းပြင်မြင့်၏ ဂေဟစနစ်ကာကွယ်ရေး၊ ကမ္ဘာ့ရာသီဥတုထိန်းညှိရေးနှင့် အာရှ၏ရေမျှော်စင်တို့သည် လူသားမျိုးနွယ်အတွက် တူညီသောအနာဂတ်ရှိသည့် အသိုက်အဝန်းတစ်ခုတည်ဆောက်ရေးတွင် အသက်တမျှအရေးကြီးကြောင်း ပြောဆိုခဲ့သည်။

သို့သော် လွန်ကဲစွာ သတ္တုတူးဖော်ခြင်း၊ အမှိုက်များ စွန့်ပစ်ခြင်း၊ တိဗက်ရွှေ့ပြောင်းများကို အတင်းအကျပ် ဖယ်ရှားခြင်းနှင့် တိဗက်မြစ်များ၌ ဆည်မြောင်းများ အဆက်မပြတ်တည်ဆောက်ခြင်းတို့ကြောင့် တိဗက်၏ ပကတိပတ်ဝန်းကျင်သည် လွဲမှားစွာ အသုံးချ အမြတ်ထုတ်ခံနေရသောကြောင့် ထိုပြောဆိုချက်များသည် မှားယွင်းလျက်ရှိသည်။

တရုတ်နိုင်ငံ တိဗက်ဒေဒသုတေသနစင်တာ၏ ဘာသာရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး လားရှန်ကျားက တိဗက်ဗုဒ္ဓဘာသာနှင့် ဆက်နွယ်သောယဉ်ကျေးမှုများကို ကောင်းကောင်း စောင့်ရှောက်ထိန်းသိမ်းကြောင်း ပြောခဲ့သည်ဟု ဆိုသည်။ တိဗက်လူမျိုးများ၏ လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ကို အပြည့်အဝ ခွင့်ပြုထားသည်ဟု ပြောသည်။ တိဗက်တွင် ဆုတောင်းဘီးလုံးများနှင့် ဗုဒ္ဓရုပ်ပွားတော်များ အပါအဝင် တိဗက်အဆောက်အဦများ ဖျက်ဆီးခံနေရသည်။

တရုတ်ကွန်မြူနစ်ပါတီသည် တိဗက်နှင့်ပတ်သက်သော တောင်းဆိုမှုများ တရားဝင်စေရန်နှင့် မဟုတ်မမှန်သတင်းများကို ဖြန့်ဝေရန် ထိုကဲ့သို့သော အွန်လိုင်းဆွေးနွေးပွဲများကို ဝါဒဖြန့်ကိရိယာများအဖြစ် အသုံးပြုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly