ရာစုနှစ်တစ်ခုအတွင်း ပထမဆုံးအဖြစ် ရုရှက နိုင်ငံခြားကြွေးမြီဆပ်ရန် ပျက်ကွက် 

ရာစုနှစ်တစ်ခုအတွင်း ပထမဆုံးအဖြစ် ရုရှက နိုင်ငံခြားကြွေးမြီဆပ်ရန် ပျက်ကွက် 
Photo - Google

ဇွန်လ ၂၇ ရက်

ရုရှနိုင်ငံသည် ပြည်ပမြီရှင်များသို့ ကြွေးမြီပေးဆပ်နိုင်ရေး လမ်းကြောင်းများ ပိတ်ဆို့ခံရသည့် အနောက်အုပ်စု၏ အပြင်းထန်ဆုံး ဒဏ်ခတ်ပိတ်ဆို့မှုများကြောင့် ရာစုနှစ်တစ်ခုအတွင်း ပထမဆုံးအဖြစ် နိုင်ငံခြားကြွေးမြီ ပေးဆပ်ရန် ပျက်ကွက်မှု ဖြစ်ခဲ့သည်။ 

ယူကရိန်းအား ကျူးကျော်မှုနောက်ပိုင်း၌ ချမှတ်ခံရသော ပြစ်ဒဏ်များမှ ရုရှနိုင်ငံသည် လများစွာ ရှောင်ကွင်းနေနိုင်ခဲ့သည်။ သို့ရာတွင် မေ ၂၇ ရက်တွင် အမေရိကန်ဒေါ်လာ သန်း ၁၀၀ အတိုးပေးဆပ်ရမည့် သတ်မှတ်ကာလကို တစ်လသက်တမ်းထပ်တိုးပေးထားသော ဇွန် ၂၆ ရက်၌ ပေးဆပ်နိုင်ခြင်း မရှိသဖြင့် ကြွေးမြီပျက်ကွက်မှုအဖြစ် မှတ်ယူစရာပဲ ဖြစ်တော့သည်။ 

နိုင်ငံသည်လည်း စီးပွားရေး၊ ဘဏ္ဍာရေးနှင့် နိုင်ငံရေး အပယ်ခံအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲလာနေသည်။ နိုင်ငံ၏ ဥရောပငွေချေးစာချုပ်များ အရောင်းအဝယ်သည် မတ်လမှစပြီး ဘေးအန္တရာယ် ကျရောက်မှုအဆင့်သို့ ရောက်ရှိပြီး ဗဟိုဘဏ်၏ နိုင်ငံခြားအရန်ငွေလည်း ထိန်းချုပ်ခံထားရကာ အကြီးဆုံးဘဏ်ကြီးများမှာလည်း ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးစနစ်မှ ဖယ်ကြဉ်ခံထားရသည်။ 

စီးပွားရေးနှင့် ဈေးကွက်များ ပျက်စီးမှုအတိုင်းအတာကို တွက်ဆလျှင် ယခု ကြွေးမြီဆပ်ရန် ပျက်ကွက်မှုက လက်ရှိအတွက် အသိသာ အထင်ရှားဆုံးပဲ ဖြစ်သကဲ့သို့ ရုရှပြည်သူများမှာလည်း ဂဏန်းနှစ်လုံးတိုး ငွေကြေးဖောင်းပွမှုနှင့် နှစ်များစွာအတွင်း အဆိုးဆုံးသော စီးပွားရေး ကျုံ့မှုကို ရင်ဆိုင်နေရသည်။ 

ကြွေးမြီပျက်ကွက်မှု သတ်မှတ်ခံရခြင်းမှ ရုရှနိုင်ငံသည် ရုန်းထွက်နေပြီး မည်သို့သော ပေးစရာ ငွေကြေးမဆို ပေးဆပ်နိုင်ရန် ရန်ပုံငွေ ရှိထားပြီး ကြွေးမြီ ချေဆပ်နိုင်သည်ဟု ပြောသည်။ ကြွေးမြီဆပ်ရန် ပျက်ကွက်မှုကို ရှောင်ကွင်းနိုင်ရေး ကြိုးစားမှုအဖြစ် တင်နေသော ကြွေးမြီ ဒေါ်လာ ၄၀ ဘီလီယံ၏ အတိုးကို ရူဘယ်ငွေဖြင့် အတိုးပေးသွားမည်ဟု ပြီးခဲ့သည့် သီတင်းပတ်က ကြေညာသည်။ ယင်းသို့ လုပ်ဆောင်ရသည်မှာလည်း အနောက်အုပ်စုက ဖန်တီးလုပ်ဆောင်ထားသည့် “မလွန်ဆန်နိုင်သော” အခြေအနေကြောင့်ဘဲဟု ဝေဖန်ပြောဆိုသည်။ 

“တကယ်ကို ရှားရှားပါးပါး ဖြစ်ရပ်ပါပဲ၊ အစိုးရတစ်ရပ်ဟာ ပြင်ပအစိုးရတစ်ရပ်ရပ်ကြောင့် ကြွေးမြီပျက်ကွက်မှု ဖြစ်ရတယ်ဆိုတာမျိုးပါ”ဟု ဘော်စတွန်အခြေစိုက် ရင်းနှီးမြုပ်နှံမှု စီမံခန့်ခွဲရေး ကုမ္ပဏီ Loomis Sayles & Company LP မှ အကြီးတန်းသုတေသီ ဟတ်ဆန် မာလစ်က ပြောသည်။ “ဒါဟာ သမိုင်းမှာ ကြီးမားတဲ့ အပြောင်းအလဲဖြစ်ရပ် ကြွေးမြီပျက်ကွက်မှုတစ်ရပ် ဖြစ်လာပါလိမ့်မယ်”ဟု ၎င်းက ဆိုသည်။ 

ကြွေးမြီပျက်ကွက်သည်ဟု တရားဝင် ကြေညာခြင်းကို ပုံမှန်အားဖြင့် အဆင့်နှုန်းထား သတ်မှတ်သော လုပ်ငန်းကုမ္ပဏီများက ကြေညာခြင်းဖြစ်သော်လည်း ဥရောပ၏ ဒဏ်ခတ်ပိတ်ဆို့ထားမှုများကြောင့် ရုရှနှင့် ပတ်သက်ပြီး နှုန်းထားသတ်မှတ်ခြင်းများကို ရုပ်သိမ်းထားခြင်း ဖြစ်သည်။ ကြွေးဆပ်ရက် ရွှေ့ဆိုင်းပေးရေး မှတ်ချက်ပြုထားသည့် မှတ်တမ်းများအရ တင်ရှိအကြွေး၏ ၂၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်သည့် မြီရှင်များက “ကြွေးမြီဆပ်ရန် ပျက်ကွက်မှု ဖြစ်စဉ်” ဖြစ်ပေါ်သည်ဟု သဘောတူလျှင် ကြွေးရှင်များအနေဖြင့် ကြွေးမြီပျက်ကွက်မှုအဖြစ် သတ်မှတ်နိုင်ကြောင်း သိရသည်။ 

ယခုအခါ အဆိုပါ နောက်ဆုံးရက် ကျော်လွန်သွားပြီဖြစ်၍ ရင်းနှီးမြုပ်နှံသူများက နောက်ထပ် မည်သို့ လုပ်ဆောင်လာမည်ကို စောင့်ကြည့်ရတော့မည် ဖြစ်သည်။ 

မြီရှင်ရင်းနှီးမြုပ်နှံသူများအနေဖြင့် လက်ငင်းအရေးယူရန် မလိုအပ်ဘဲ ဒဏ်ခတ်ပိတ်ဆို့မှုများ နောက်ဆုံး၌ လျော့ပါးလာမည်ဟု မျှော်လင့်ချက်ဖြင့် စစ်ပွဲ၏ အလားအလာကို စောင့်ကြည့်ခြင်းအား ရွေးချယ်ဖြစ်ဖွယ်ရာ ရှိနေသည်။  

“ငွေချေးစာချုပ် ကိုင်ဆောင်သူ အများစုကတော့ စောင့်ကြည့်အကဲခတ် ချည်းကပ်မှုကိုပဲ ဆက်လက် လုပ်ဆောင်သွားကြပါလိမ့်မယ်”ဟု တိုကျိုရှိ Nomura Research Institute မှ စီးပွားရေးပညာရှင် တာကာဟီဒီ ကီအူချီက ပြောသည်။ 

၁၉၉၈ ခုနှစ် ရုရှ၏ စီးပွားပျက်ကပ်နှင့် ရူဘယ်ငွေ ပြိုဆင်းသည့် ကာလ၌ သမ္မတ ဘော်ရစ်စ် ယဲ့လ်စင်အစိုးရသည် ပြည်တွင်းကြွေးမြီ ဒေါ်လာ ၄၀ ဘီလီယံကို ချေဆပ်ရန် ပျက်ကွက်ခဲ့ပြီး နိုင်ငံခြားကြွေးမြီအား တရားဝင်ဆိုင်းငံ့ကြောင်း ကြေညာခဲ့ရသည်။  

ရုရှနိုင်ငံ၏ နောက်ဆုံး ပြည်ပ ကြွေးမြီဆပ်ရန် ပျက်ကွက်မှုမှာ ရာစုနှစ်ကျော်အလွန်ကဖြစ်ပြီး ယင်းအချိန် ၁၉၁၈ ခုနှစ်၌ နိုင်ငံ၏ မယုံနိုင်လောက်သော ဇာဘုရင်ခေတ် အကြွေးဝန်ထုပ်ကို ဆပ်ချေရန် ဗလာဒီမာ လီနင်၏ ဘော်ရှီဗစ် အစိုးရက ငြင်းပယ်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly