ငလျင်ဒဏ်ခံရသည့် အာဖဂန်နစ္စတန်သို့ အိန္ဒိယက ကူညီထောက်ပံ့မှုများ ဒုတိယအကြိမ် ပေးပို့

ငလျင်ဒဏ်ခံရသည့် အာဖဂန်နစ္စတန်သို့ အိန္ဒိယက ကူညီထောက်ပံ့မှုများ ဒုတိယအကြိမ် ပေးပို့

‌အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းတွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ငလျင်ဒဏ်ကို ဆိုးရွားစွာကြုံတွေ့ ခဲ့ရသည့် ပြည်သူများအတွက် ပံ့ပိုးကူညီသည့် ပစ္စည်းများကို အိန္ဒိယအစိုးရက ဇွန် ၂၄ ရက်တွင် ဒုတိယအကြိမ် ပေးပို့လိုက်သည်။

အဆိုပါ ငလျင်ကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သလို လူပေါင်း ၁၀၀၀ ကျော်လည်း အသက်ဆုံးရှုံးခဲ့သည်။

“အာဖဂန်ပြည်သူတွေအတွက် ငလျင်ဘေးဒဏ်ကနေ သက်သာရာရအောင် ဒုတိယအကြိမ်ပို့ပေးတဲ့ အကူအညီတွေ ကဘူးလ်မြို့ကို ရောက်ရှိပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရအရာရှိ အာရင်ဒမ်ဘက်ချီက တွစ်တာတွင် ရေးသားခဲ့သည်။

‌ကူညီပံ့ပိုးမှုများတွင် မိသားစုသုံး ပေါင်းမိုးတဲများ၊ အိပ်ရာအထုပ်၊ စောင်များနှင့် ဖျာကဲ့သို့သော အရေးကြီး ပစ္စည်းများ ပါဝင်သည်။

အဆိုပါ ပစ္စည်းများကို ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) နှင့် အာဖဂန်နစ္စတန် ကြက်ခြေနီအဖွဲ့တို့မှတစ်ဆင့် ကဘူးမြို့တွင် လွှဲပြောင်းပေးသွားမည်ဖြစ်သည်။

‌“အာဖဂန်နစ္စတန်မှာ ၂၀၂၂ ခုနှစ်၊ ဇွန် ၂၂ ရက်က အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့ခြင်းကြောင့် ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုတွေနဲ့ တန်ဖိုးကြီးတဲ့ အသက်တွေ သေဆုံးခဲ့ရာမှာ အိန္ဒိယအစိုးရက ပထမဆုံးချက်ချက် အကူအညီ ပေးခဲ့သည့် နိုင်ငံဖြစ်ပြီး အာဖဂန်ပြည်သူတွေအတွက် လေယာဉ် ၂စင်းစာ အရေးပေါ် ကယ်ဆေးရေးပစ္စည်း ၂၇ တန်ကို ပေးပို့ထားသည်” ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အိန္ဒိယက ထောက်ပံ့ကူညီရေးပစ္စည်းများကို ဇွန် ၂၃ ရက်တွင် ပေးအပ်ခဲ့ပြီးဖြစ်သည်။

‌ယခုအချိန်အထိ သေဆုံးကြောင်း စာရင်းရရှိထားသူ ၁၀၀၀ ခန့်သည် ပက်တီကာ ခရိုင် ဘာမယ်နှင့် ဂီယန်ခရိုင်များနှင့် ခို့စ်ပြည်နယ် စပါရာခရိုင်တို့မှဖြစ်သည်။ ထို့ပြင် ဘာမယ်၊ ဂီယန်နှင့် စပါရာခရိုင်တို့မှ ငလျင်အပြင်းထန်ဆုံးခရိုင်များအနက် ၃ ခုတွင် လူပေါင်း ၁၄၅၅ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပြီး အများစုမှာ ဒဏ်ရာပြင်းထန်စွာ ရရှိထားသည်။

ပက်တီကာပြည်နယ် ဂီယန်ခရိုင်တွင် နေအိမ်ပေါင်း ၁၅၀၀ နီးပါး ပျက်စီးသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly