ဟောင်ကောင်၏လူ့အခွင့်အရေးအဆင့် ကျဆင်းနေကြောင်း စစ်တမ်းသစ်တစ်ရပ်တွင် ဖော်ပြ

ဟောင်ကောင်၏လူ့အခွင့်အရေးအဆင့် ကျဆင်းနေကြောင်း စစ်တမ်းသစ်တစ်ရပ်တွင် ဖော်ပြ

ဟောင်ကောင်တွင် ၂၀၁၉ ခုနှစ်က ဒီမိုကရေစီတောင်းဆိုသော ဆန္ဒပြမှုများကို တရုတ်က နှိမ်နင်းပြီးကတည်းက မြို့တော်၏လူ့အခွင့်အရေးအခြေအနေသည် ဆိုးရွားလာကြောင်း စစ်တမ်းတစ်ခုက ဖော်ပြနေသည်။

ယခုသီတင်းပတ်ထုတ်ပြန်ခဲ့သော စစ်တမ်း၌ ဟောင်ကောင်ရှိ လူ့အခွင့်အရေးအဆင့်သည် ကျဆင်းနေကြောင်း ပြသနေပြီး ဆော်ဒီအာရေဗျနှင့် ဗင်နီဇွဲလားတို့နှင့် မတိမ်းမယိမ်းအဆင့်၌ ရပ်တည်နေကြောင်း လူ့အခွင့်အရေး အခြေအနေကို တိုင်းတာသုတေသနပြုသည့် HRMI ၏ အစီရင်ခံစာကို ကိုးကား၍ VOA က ဖော်ပြခဲ့သည်။

၂၀၂၀ ခုနှစ်တွင် တရုတ်က အမျိုးသားလုံခြုံရေးဥပဒေပြဋ္ဌာန်းပြီးနောက်ပိုင်း ဟောင်ကောင်၌ အရပ်ဘက် အဖွဲ့အစည်းများ နည်းပါးလာသလို လွတ်လပ်စွာပြောဆိုခွင့်နှင့်စုဝေးခွင့်မှာလည်း ဖိနှိပ်ခံရကြောင်း စစ်တမ်း အချက်အလက်များက ပြသနေသည်ဟု Hong Kong Public Opinion Research Institute မှ ဂုဏ်ထူးဆောင် ဒါရိုက်တာ ချန်ကင်ဝါ VOA သို့ ပြောသည်။

“ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ဟောင်ကောင်က ဖြစ်ရပ်တွေကို ကြည့်ရတာ တော်တော်လေးဆိုးရွားပါတယ်။ ဟောင်ကောင်ရဲ့လွပ်လပ်ခွင့်အဆင့်တွေက ဟောင်ကောင်ကို စောင့်ကြည့်သူနေသူဟူသမျှကို အံ့အားသင့်စေမှာ မလွဲပါဘူး” ဟု HRMI ပြောရေးဆိုခွင့်ရှိသူ အန်နီမယ်ရီဘရွတ်က ပြောသည်။

ဟောင်ကောင်၏လွတ်လပ်စွာစုဝေးခွင့်နှင့် အသင်းအဖွဲ့ဖွဲ့စည်းခွင့်၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှုတို့မှာ တတိယနှစ်ဆက်တိုက် ကျဆင်းလာကြောင်း အချက်အလက်များက ပြသနေသည်။

လွတ်လပ်စွာစုဝေးခွင့်နှင့် အသင်းအဖွဲ့ ဖွဲ့စည်းခွင့်ကို အကဲဖြတ်ရာတွင် အဆင့် ၁၀ အထိ သတ်မှတ်ထားရာ ဟောင်ကောင်သည် ၂၀၁၉ ခုနှစ်က ၄ ဒသမ ၅ နှင့် ၂၀၂၁ ခုနှစ်တွင် ၂ ဒသမ ၅ အသီးသီးရှိခဲ့ပြီး အခြေအနေမှာ အလွန်ဆိုးရွားကြောင်း စစ်တမ်းများက ပြသနေသည်။

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်မှာ ၂၀၁၉ ခုနှစ်က ၄ ဒသမ ၇ ရှိရာမှ ၂၀၂၁ ခုနှစ်တွင် ၂ ဒသမ ၇ ထိ ကျဆင်းသွားသလို အမျိုးသမီးမဲပေးပိုင်ခွင့်မှာလည်း အလားတူကာလ၌ အဆင့် ၄ မှ ၂ ဒသမ ၄ သို့ ကျဆင်းသွားသည်ဟု VOA ကဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly