နိုင်ငံတော်အာဏာကို ထိပါးနှောက်ယှက်မှု စွဲချက်ဖြင့် တရုတ်တက်ကြွလှုပ်ရှားသူများကို ရုံးတင်စစ်ဆေး

နိုင်ငံတော်အာဏာကို ထိပါးနှောက်ယှက်မှု စွဲချက်ဖြင့် တရုတ်တက်ကြွလှုပ်ရှားသူများကို ရုံးတင်စစ်ဆေး

တရုတ်အစိုးရက ထင်ရှားသော အခွင့်အရေးတက်ကြွလှုပ်ရှားသူ နှစ်ဦးဖြစ်သည့် ရှုကျိယန်နှင့် တင်ကျားရှီတို့ကို နိုင်ငံတော်အာဏာအဖျက်အမှာင့်လုပ်သည်ဟူသော စွဲချက်ဖြင့် ယခုသီတင်းပတ်တွင် မျက်ကွယ်ရုံးတင် စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) ကပြောသည်။

လုံခြုံရေးအခြေအနေကြောင့် ဇွန် ၂၂ ရက်က ရှန်တုံးပြည်နယ်တွင် ပြုလုပ်သော ရှုကျိယန်၏ ရုံးတင်စစ်ဆေးမှုသို့ မည်သူ့ကိုမှ ဝင်ခွင့်မပြုခဲ့သလို တရားရုံးမှတ်တမ်းများကိုလည်း လူသိရှင်ကြားမထုတ်ပြန်ပေ။

အသက် ၄၉ နှစ်အရွယ်ရှိ ရှုကျိယန် တရုတ်နိုင်ငံ၏ အထင်ရှားဆုံး တက်ကြွလှုပ်ရှားသူနှင့် လူ့အခွင့်အရေး ထောက်ခံသူများထဲမှ တစ်ဦးဖြစ်သည်။ ပြည်သူ့အခွင့်အရေးကို ထောက်ခံအားပေးသော အစိုးရမဟုတ်သောအဖွဲ့ဖြစ်သည့် ကန့်သတ်ပိတ်ပင်ခံလိုက်ရသော ‘ပွင့်လင်းသော ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နိုင်ငံသားသစ်လှုပ်ရှားမှုစင်တာ’ ကို တွဲဖက်တည်ထောင်သူဖြစ်သည်ဟု HRW က ဆိုသည်။

ရှုကျိယန်သည် အစိုးရမဟုတ်သော နိုင်ငံသားသစ်လှုပ်ရှားမှုအဖွဲ့ဝင်များက အင်အားအနည်းငယ်ဖြင့် ဆန္ဒပြမှုများအပြီး ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ လူစုလူဝေးလုပ်မှုနှင့် အများပြည်သူဆိုင်ရာ အမိန့်နှောင့်ယှက်မှုဖြင့် ထောင်ဒဏ် ၄ နှစ်ကျခဲ့သည်။ နိုင်ငံသားသစ်လှုပ်ရှားမှုသည် တစ်ပါတီနိုင်ငံရေးစနစ်၏ ကန့်သတ်ချက်များအတွင်း တရုတ်နိုင်ငံရှိ အရပ်ဘက်လူ့အဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ၂၀၁၂ ခုနှစ်တွင် ရှုကျိယန် တည်ထောင်ခဲ့သော ကနဦးခြေလှမ်းတစ်ခုဖြစ်သည်။

တင်ကျားရှီအမှုကိုလည်း ဇွန်လ ၂၄ ရက်က အဆိုပါတရားရံးတွင် ကြားနာခဲ့သည်။ အသက် ၅၄ နှစ်ရှိ တင်ကျားရှီသည် ရှေ့နေတစ်ဦးဖြစ်ပြီး တရုတ်ကွန်မြူနစ်ပါတီတာဝန်ရှိသူများကြား ပိုမိုပွင့်လင်းမြင်သာမှုရှိစေရန် လှုပ်ရှားခဲ့သော နိုင်ငံသားသစ်လှုပ်ရှားမှုတွင် ထင်ရှားသူတစ်ဦးဖြစ်သည်။

၂၀၁၂ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်းက တရုတ်အာဏာပိုင်များအား ပိုင်ဆိုင်မှုများ ထုတ်ဖော်ပြသရန်တောင်းဆိုသော အသေးစားဆန္ဒပြမှုများတွင် တင်ကျားရှီလည်းပါဝင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required