ဒေဝါလီခံရသော သီရိလင်္ကာ၌ လောင်စာဆီ ပြတ်လပ်

ဒေဝါလီခံရသော သီရိလင်္ကာ၌ လောင်စာဆီ ပြတ်လပ်

ဇွန် ၂၆

သီရိလင်္ကာတွင် ဓာတ်ဆီနှင့် ဒီဇယ်က ပြတ်လပ်သလောက် ဖြစ်သွားပြီဟု ယင်းနိုင်ငံ၏ စွမ်းအင်ဝန်ကြီးက ဇွန်လ ၂၅ ရက်တွင် ပြောကြားရင်း နိုင်ငံ၌ ပိုမို ဆိုးဝါးလာနေသော လောင်စာဆီ အကျပ်အတည်းအတွက် ယာဉ်မောင်းသူများကို တောင်းပန်ခဲ့သည်။

ဤမတိုင်မီ ယင်းနိုင်ငံသို့ ရောက်ရှိလာမည်ဟု မျှော်မှန်းထားခဲ့သည့် ရေနံနှင့် လောင်စာဆီ ကုန်စည်များမှာ အချိန်မီ ရောက်မလာဘဲ အချိန်အကန့်အသတ်မရှိ နှောင့်နှေးကြန့်ကြာနေခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်က ရောက်လာရမည့် ရေနံ ကုန်စည်များ ရောက်မလာခဲ့သလို လာမည့်သီတင်းပတ်၌ ရောက်ရှိစေရန် စီစဉ်ထားသော ကုန်စည်များသည်လည်း သီရိလင်္ကာသို့ ရောက်လာလိမ့်မည် မဟုတ်ကြောင်းနှင့် ယင်းက “ဘဏ်လုပ်ငန်း” ဆိုင်ရာ အကြောင်းရင်းများကြောင့် ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီး မစ္စတာ ကန်ချာနာ ဝီဂျီဆီကီရာက ပြောသည်။

သီရိလင်္ကာသည် စားသောက်ကုန်၊ လောင်စာဆီနှင့် ဆေးဝါးများ အပါအဝင် မရှိမဖြစ် အရေးအပါဆုံး သွင်းကုန်များ တင်သွင်းရန် နိုင်ငံခြားငွေ ရှားပါးပြတ်လပ်မှုနှင့် အကြီးအကျယ် ရင်ဆိုင်နေရကာ နိုင်ငံတကာ၏ အကူအညီ အထောက်အပံ့များကို တောင်းခံရလျက် ရှိသည်။

ကျွန်းနိုင်ငံသို့ ရေနံ ပေးပို့မှု ကုန်စည်အသစ်များ မည်သည့်အချိန် ရောက်လာမည်လဲ ဆိုသည်ကို နိုင်ငံပိုင် Ceylon Petroleum Corporation (CPC) ကလည်း ပြောကြားနိုင်စွမ်း မရှိကြောင်း မစ္စတာ ဝီဂျီဆီကီရာက ပြောသည်။ CPC သည်လည်း ရေနံစိမ်း ရှားပါးပြတ်လပ်မှုကြောင့် ယင်း၏ တစ်ခုတည်းသော ရေနံချက်စက်ရုံကို ပိတ်ထားရကြောင်း ၎င်းက ပြောသည်။

သီရိလင်္ကာ ရေနံချက်စက်ရုံသည် နှစ်လအကြွေးစနစ်ဖြင့် ဒူဘိုင်းအခြေစိုက် Coral Energy ကနေတစ်ဆင့် ဝယ်ခဲ့သည့် ရုရှရေနံစိမ်း တန်ချိန် ၉၀,၀၀၀ ကို အသုံးပြုလျက် ယခုလအစောပိုင်းက လည်ပတ်မှုများ စတင်ထားခဲ့သည်။

ဘဏ်လုပ်ငန်းနှင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အကြောင်းရင်းများကြောင့် ယခု သီတင်းပတ်နှင့် လာမည့် သီတင်းပတ်၌ ရောက်ရှိရန် စီစဉ်ထားသော ဓာတ်ဆီ၊ ဒီဇယ်နှင့် ရေနံစိမ်း ကုန်စည်များ ပေးပို့မှုများကို အချိန်မီ ဖြည့်ဆည်းဆောင်ရွက်နိုင်မည် မဟုတ်သည့်အတွက် ဝမ်းနည်းရကြောင်း မစ္စတာ ဝီဂျီဆီကီရာက ပြောသည်။

နိုင်ငံတွင် ရှားရှားပါးပါး ကျန်နေသည့် လောင်စာဆီအနည်းငယ်မျှကို လက်တစ်ဆုပ်စာမျှ ရှိသည့် ဆီဆိုင်အနည်းငယ်ကနေတစ်ဆင့်သာ ဖြန့်ဖြူးပေးသွားမည်ဟု ၎င်းက ပြောသည်။

အများပြည်သူ သယ်ယူပို့ဆောင်ရေးနှင့် လျှပ်စစ် ထုတ်လုပ်ရေးကို ဦးစားပေးသွားမည် ဖြစ်ပြီး အခြားယာဉ်မောင်းသူများကိုလည်း လောင်စာဆီအတွက် တန်းမစီကြရန် တိုက်တွန်းကြောင်း မစ္စတာ ဝီဂျီဆီကီရာက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly