စွန်ရဲ စစ်ဆင်ရေးတွင် ပျူစောထီး ၂၅ ဦးသေဆုံး ဟု ကာကွယ်ရေးတပ်ဖွဲ့ဆို

စွန်ရဲ စစ်ဆင်ရေးတွင် ပျူစောထီး ၂၅ ဦးသေဆုံး ဟု ကာကွယ်ရေးတပ်ဖွဲ့ဆို

ဇွန် ၂၃

စစ်ကိုင်းတိုင်း တမူးမြို့နယ် ပန်းသာကျေးရွာရှိ စစ်ကောင်စီနှင့်ပျူစောထီးများကို တိုက်ခိုက်ခဲ့ရာ ၂၅ဦးထက်မနည်း သေဆုံးသွားပြီး အများအပြားဒဏ်ရာရသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တမူး) တပ်ဖွဲ့များထံမှ သိရသည်။

“မနှစ်က ပန်းသာက ပျူတွေက ပစ်လို့ ကျနော်တို့ရဲဘော် တစ်ယောက်ကျဆုံးခဲ့ရတယ်၊ သူ့နာမည်က စွန်ရဲ သူ့ကို ဂုဏ်ပြုတာနဲ့ ပွင့်ဖြူအတွက် လက်စားချေဘို့ ဒီစစ်ဆင်ရေး ကို လုပ်ခဲ့တာပါ” ဟု PDF – Tamu တပ်ရင်း (၃) မှ တာဝန်ရှိသူတစ်ဦးမှ မဇ္စျိမ ကိုပြောသည်။

ဇွန်လ၂၂ရက် မနက် ၁၀နာရီ ၃၀မိနစ်မှ စတင်ပြီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညနေ ၄နာရီ ၂၀မိနစ်အထိ တိုက်ပွဲပြင်းထန်ခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ပျူစောထီး ၂၅ဦးသေဆုံး၊ အများအပြားဒဏ်ရာရ၍ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ငါးဦး(မစိုးရိမ်) ဒဏ်ရာရရှိထားကြောင်း သိရသည်။

သေဆုံးသူနှင့် ဒဏ်ရာရရှိသူများအား နာကူကားများနှင့် တမူးဘက်သို့ သယ်ဆောင်ခဲ့ကြောင်း မျက်မြင် တွေ့ရှိသူများမှ ပြန်လည်ပြောကြားကြကြောင်း ဆိုသည်။

ယင်းတိုက်ပွဲအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တမူး) တပ်ရင်း (၁) ၊ တပ်ရင်း (၂) ၊ တပ်ရင်း (၃) နှင့် Special Task Force မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

တိုက်ပွဲဖြစ်ပွားချိန်အတွင်း တမူးဘက်မှလည်း စစ်ကောင်စီတပ်သားများ စစ်ကူ ကားနှစ်စီးဖြင့် တက်လာခဲ့ပြီး ပန်းသာရွာရှိ ပျူစောထီးအဖွဲ့ဝင်များသည် ရွာအတွင်း မှနေ၍ နှစ်ထပ်အိမ်များတွင် အောက်ထပ်၌ ကတုတ်ကျင်းတူးပြီး အပေါ်ထပ်တွင် ဘန်ကာများ ဆောက်လုပ်ကာ ခုခံခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ (တမူး) တာဝန်ရှိသူမှ ဆက်လက်ပြောဆိုသည်။

ဇွန်လ ၂၃ရက် မနက် နောက်ဆုံး ရရှိသောသတင်းများအရ စစ်ကောင်စီနှင့်ပျူစောထီးများသည် တမူးမြို့နယ် ခမ်းပတ်မြို့ထွက်ပြီး ကနန် သို့ရောက်ရှိနေပြီးဖြစ်ကြောင်းနှင့် ထိတွေ့မှုများ ဖြစ်ပေါ်လာနိုင်ကြောင်းသိရှိရသည်။

ဇွန်လ ၂၂ရက် ယမန်နေ့တွင် တမူးခရိုင်အတွင်း စစ်ရေးအခြေအနေတင်းမာနေပြီး အချိန်မရွေးတိုက်ပွဲများဖြစ်ပွားနိုင်သောကြောင့် ပြည်သူများအနေဖြင့် ဤရက်ပိုင်းအတွင်း တမူး - ကလေး ကားလိုင်းပိုင်း၌ အရေးပေါ်၊ ကျန်းမာရေး ကိစ္စများမှ လွဲ၍ ဖြတ်သန်းသွားလာခြင်းမပြုရန် PDF တမူး တပ်ရင်း (၂) မှ အသိပေးထုတ်ပြန် ထားသည်။

ကာကွယ်ရေးတပ်ဖွဲ့များ စစ်ရေးအရှိန်အဟုန် မြှင့်နေသည့် ကာလဖြစ်၍ မိဘ ပြည်သူများအနေဖြင့် တားမြစ်ထုတ်ပြန်ချက်များကို ဂရုမစိုက်ဘဲ တိုက်ပွဲဖြစ်ပွားနေသည့် အချိန်၌ တစ်စုံတစ်ရာ ထိခိုက်မှုများရှိလာခဲ့ပါက တာဝန်ယူမည်မဟုတ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

#mizzima

#စွန်ရဲစစ်ဆင်ရေး

#ကာကွယ်ရေးတပ်ဖွဲ့များ

#စစ်ကောင်စီနှင့်ပျူစောထီး

#စစ်ရေးအရှိန်အဟုန်မြှင့်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required