ယူကရိန်းကလေးငယ်များကို ကူညီရန် ရုရှဂျာနယ်လစ်က နိုဘယ်ငြိမ်းချမ်းရေးဆုကို ကန်ဒေါ်လာ ၁၀၃ သန်းကျော်ဖြင့် လေလံတင်ရောင်းချ 

ယူကရိန်းကလေးငယ်များကို ကူညီရန် ရုရှဂျာနယ်လစ်က နိုဘယ်ငြိမ်းချမ်းရေးဆုကို ကန်ဒေါ်လာ ၁၀၃ သန်းကျော်ဖြင့် လေလံတင်ရောင်းချ 

ဇွန် ၂၁

၂၀၂၁ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုကို ပူးတွဲရရှိသူနှင့် ရုရှ၏ နောက်ဆုံး လွတ်လပ်သော သတင်းစာတစ်စောင်မှ အယ်ဒီတာဖြစ်သူ ဒီမီထရီ မူရာတော့ဗ်သည် ယူကရိန်း၌ စစ်ပွဲအတွင်း နေရပ်စွန့်ခွာရသော ကလေးငယ်များကို ကူညီရန် ၎င်း၏ နိုဘယ်ဆုကို စံချိန်တင် အမေရိကန်ဒေါ်လာ ၁၀၃ ဒသမ ၅ သန်းဖြင့် လေလံတင်ရောင်းချသည်။ 

တနင်္လာနေ့၌ ကျရောက်သည့် ကမ္ဘာ့ဒုက္ခသည်များနေ့တွင် ပြုလုပ်ခဲ့သော ယခု လေလံတင်ရောင်းချမှုမှ ရရှိငွေအားလုံးသည် ယူနီဆက်ဖ်၏ ယူကရိန်းက ရွှေ့ပြောင်းကလေးငယ်များအတွက် လူသားချင်းစာနာထောက်ထားရေး တုံ့ပြန်မှုများတွင် အသုံးပြုသွားရန်ဖြစ်ကြောင်း နယူးယောက်တွင် လေလံတင်ရောင်းချမှုကို ဆောင်ရွက်ခဲ့သည့် Heritage Auctions လေလံရုံးက ထုတ်ပြန်ချက်တွင် ဆိုသည်။ 

သမ္မတ ဗလာဒီမာ ပူတင်နှင့် ၎င်း၏ အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်သော မူရာတော့ဗ်၏ Novaya Gazeta သတင်းစာသည် ယူကရိန်းစစ်ပွဲအကြောင်း သတင်းရေးခြင်းနှင့် ပတ်သက်ကာ သတိပေးခံရပြီးနောက် မတ်လတွင် ရုရှနိုင်ငံ၌ သတင်းစာထုတ်ဝေခြင်း ရပ်ဆိုင်းခဲ့ရခြင်း ဖြစ်သည်။ 

၁၉၉၉ ခုနှစ်စကာ ရုရှ၏ အဓိပတိဖြစ်လာခဲ့သူ ပူတင်၏ လက်အောက်တွင် လွတ်လပ်သော ရုရှမီဒီယာများက ဖိအားများနှင့် ဆက်တိုက်ရင်ဆိုင်နေရခြင်း ဖြစ်သော်လည်း ဖေဖော်ဝါရီ ၂၄ ရက်၌ ယူကရိန်းသို့ ရုရှက တပ်ဖွဲ့ဝင်များ စေလွှတ်ပြီးနောက်ပိုင်းတွင် ရင်ဆိုင်ရသည့် ဖိအားများ ပို၍ ဆိုးလာခဲ့သည်။ ဧပြီလအတွင်း၌ မူရာတော့ဗ်သည် ဆေးနီများဖြင့် ဖျန်းပက်တိုက်ခိုက်ခံခဲ့ရဖူးသည်။ 

ရုရှ၏ ပင်မမီဒီယာနှင့် နိုင်ငံပိုင်ထိန်းချုပ်သော အဖွဲ့အစည်းများသည် ယူကရိန်းက ပဋိပက္ခနှင့် ပတ်သက်ပြီး ရုရှအစိုးရ သုံးစွဲသော စကားလုံးဖြစ်သည့် “အထူးစစ်ဆင်ရေး”ဆိုသည့် စကားလုံးကို လိုက်နာသုံးစွဲကြသည်။ ရုရှနိုင်ငံသည် ယူကရိန်းစစ်ပွဲနှင့် ပတ်သက်ပြီး ရုရှ၏ လုံခြုံရေးနှင့် အိမ်နီးချင်းနိုင်ငံတွင် နာဇီဝါဒ ကင်းစင်ရေးအတွက် ဆင်နွှဲသော အထူးစစ်ဆင်ရေး ဖြစ်သည်ဟု ပြောဆိုထားခြင်းဖြစ်သည်။ ယူကရိန်းနှင့် အနောက်မဟာမိတ်များကမူ အကြောင်းမဲ့ ရန်လိုကျူးကျော်ခြင်းဖြစ်သည်ဟု ပြောဆိုကြသည်။ 

ယခု မူရာတော့ဗ်၏ နိုဘယ်ဆုကို လေလံတင်ရောင်းချမှုသည် လေလံတင်ရောင်းချဖူးသမျှ နိုဘယ်ဆုများ၏ စံချိန်တင် ရရှိမှုထက် အပြတ်အသတ် သာလွန်ပြီး ယခင် အမြင့်ဆုံး ရရှိခဲ့သည့် လေလံမှာ ဒေါ်လာ ငါးသန်းအောက်သာ ရှိခဲ့ကြောင်း အမေရိကန်မီဒီယာသတင်းများအရ သိရသည်။ 

“အခု ဆုကတော့ လက်ရှိအထိ အခြားသော လေလံတင်ရောင်းချမှုတွေနဲ့ တူမှာမဟုတ်ပါ”ဟု မရောင်းချမီ ထုတ်ပြန်ချက်၌ Heritage Auctions က ပြောထားသည်။ 

“Novaya Gazeta သတင်းစာက ဝန်ထမ်းတွေရဲ့ အပြည့်အဝ ထောက်ခံမှုနဲ့အတူ မူရာတော့ဗ်က သူ့ ဆုတံဆိပ်ကို လေလံတင်ရောင်းချဖို့ ကျွန်တော်တို့ကို ခွင့်ပြုတာဟာ လေလံတင်အရောင်းအဝယ် သက်သက်မဟုတ်ပါ၊ ယူကရိန်းဒုက္ခသည် သန်းပေါင်းများစွာရဲ့ ရှင်သန်ရပ်တည်ရေးအတွက် အပြုသဘော ဖော်ဆောင်နိုင်အောင် သူက မျှော်လင့်ထားတာ ဖြစ်ပါတယ်”ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

၁၉၉၁ တွင် Novaya Gazeta ကို ပူးတွဲတည်ထောက်ခဲ့သူ မူရာတော့ဗ်သည် ၂၀၂၁ ၌ နိုဘယ်ငြိမ်းချမ်းရေးဆုကို ဖိလစ်ပိုင်က မာရီယာ ရစ်ဆာနှင့်အတူ ပူးတွဲရရှိခဲ့ခြင်း ဖြစ်သည်။ ဒီမိုကရေစီနှင့် ကြာရှည်ခံသော ငြိမ်းချမ်းရေးတို့အတွက် မရှိမဖြစ် လိုအပ်သည့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် ပတ်သက်ကာ ၎င်းတို့၏ ကြိုးပမ်းအားထုတ်မှုများကြောင့် ဆုချီးမြှင့်ခြင်းဖြစ်သည်ဟု နိုဘယ်ဆု ကော်မတီက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required