ပုသိမ်၊ ဖေဖော်ဝါရီ ၉ ။ ။ ၃ လက်မခန့် တစ်ဖက်သို့ နိမ့်ဆင်းသွားသည့် ပုသိမ်မြို့၊ ကြိုတံတားမှာ မူလီများပြတ်ထွက်သွားခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၉ရက်တွင် ပြန်လည်ပြင်ဆင်နေမှုများ စတင်ပြုလုပ်နေကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ လမ်းဦးစီဌာနမှ တိုင်းဒုတိယညွန်ကြားရေးမှူး ဦးအေးထွန်းမော်က ပြောသည်။
"ဖြစ်တာ ရာသီဥတုဒဏ်၊ သံချေးတက်တာ၊ ဆားငွေ့ရိုက်တာတို့ရှိလို့ ဖြေးဖြေးခြင်း မူလီတွေ ပြတ်ထွက်သွားတာ။ သံဘောင်တွေ ပြန်မတင်ဖို့ လုပ်နေပါပြီ။ သံဘောင်တွေ နက်တွေတည့်သွားရင်ရပြီ။ တပြိုင်တည်း ကျန်တဲ့စစ်ဆေးစရာရှိတာတွေ စစ်သွားမယ်"ဟု ဦးအေးထွန်းမော်က ပြောသည်။
ပြန်လည်ပြင်ဆင်ချိန်တွင် ယာဉ်သွားလာမှုကို ပိတ်မထားဘဲ ယခင် တန် ၆၀ထိ ခွင့်ပြုထားရာမှ ယခုအခါ တန် ၃၀ အောက် အထိသာ ဖြတ်သန်းသွားလာခွင့်ပြုထားသည်။ ပြင်ဆင်ချိန်မှာ အခက်အခဲရှိမရှိပေါ် မူတည်၍ ၁၀ ရက်ခန့် အများဆုံးကြာနိုင်သည်ဟု သိရသည်။
ပုသိမ်ကြိုးတံတားပေါ် ဖြတ်သန်းမည့် တန်၃၀အောက်ယာဉ်များကို ၁နာရီ၁၂မိုင် နှုန်းဖြင့်သာ မောင်ခွင့်ပြုထားပြီး၊ တံတားပေါ်တွင် ယာဉ်ထိန်းများနှင့် လမ်းဦးစီးဌာနမှ ဝန်ထမ်းများက ကြီးကြပ်လျက်ရှိသည်။
ငဝန်မြစ်ကူး ပုသိမ်ကြိုးတံတားမှာ ဖေဖော်ဝါရီ ၇ရက်က ၃လက်မခန့် တစ်ဖက်သို့ နိမ့်သွားခဲ့ခြင်းဖြစ်သည်။ ယင်းတံတားသည် ပုသိမ်-ချောင်းသာ၊ ပုသိမ်-ငွေဆောင်နှင့် ပုသိမ်-မော်တင်သွား လမ်းပေါ်တွင်ရှိပြီး၊ တံတားပေအရှည်၈၈၀ရှိသည်။ တံတားမှာ ၂၀၀၄ခုနှစ် နိုဝင်ဘာ၂၂ရက်က ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။