ယူကရိန်းစစ်ပွဲက နှစ်များနှင့်ချီကြာနိုင်ဟု နေတိုးအကြီးအကဲ ပြော

ယူကရိန်းစစ်ပွဲက နှစ်များနှင့်ချီကြာနိုင်ဟု နေတိုးအကြီးအကဲ ပြော

ဇွန် ၁၉

ယူကရိန်းအပေါ် ရုရှ ကျူးကျော်စစ်ပွဲက နှစ်များနှင့်ချီ ကြာနိုင်ကြောင်း နေတိုး အတွင်းရေးမှူးချုပ် ယန်းစ် စတိုလ်တန်ဘာ့ဂ်က ဂျာမန် အပတ်စဉ်ထုတ် သတင်းစာတစ်စောင်ကို ပြောသည်။ တစ်ချိန်တည်းမှာပင် ယူကရိန်းတပ်ဖွဲ့ဝင်များထံ ခေတ်အမီဆုံး၊ အဆင့်အမြင့်ဆုံးသော လက်နက်များ ထောက်ပံ့ပေးခြင်းက ဒွန်ဘတ်စ်ဒေသကို ရုရှထိန်းချုပ်မှုအောက်မှ လွတ်မြောက်စေမည့် အခွင့်အလမ်းကို မြင့်တက်စေလိမ့်မည်ဟု ၎င်းက ပြောသည်။

“ဒီစစ်ပွဲက နှစ်တွေနဲ့ချီ ကြာနိုင်တယ်ဆိုတာအတွက် ကျွန်တော်တို့ ပြင်ဆင်ထားရပါလိမ့်မယ်။ ယူကရိန်းကို ထောက်ကူပံ့ပိုးမှုအပိုင်းမှာ ကျွန်တော်တို့ အားလျော့သွားလို့ မဖြစ်ပါဘူး” ဟု စတိုလ်တန်ဘာ့ဂ်က Bild am Sonntag သတင်းစာကို ပြောသည်။ “စစ်ဘက်အထောက်အပံ့ အတွက်သာမက စွမ်းအင်နဲ့ အစားအစာ ဈေးနှုန်းတွေ မြင့်တက်နေတာကြောင့် စရိတ်စကတွေက ကြီးမြင့်နေပါတယ်” ဟု ၎င်းက ပြောသည်။

ဆိုဗီယက်ခေတ် လက်နက်ပစ္စည်းအဟောင်းများကနေ နေတိုး စံသတ်မှတ်ချက်အဆင့် လက်နက်ပစ္စည်းများသို့ ကူးပြောင်းမှုနှင့်အတူ ယူကရိန်းနိုင်ငံကို ကူညီနိုင်မည့် အကူအညီ အစီအစဉ်တစ်ခု ယူကရိန်းထံ ပေးအပ်ရေးအတွက် ယခုလကုန်ပိုင်း မက်ဒရစ်တွင် ကျင်းပမည့် နေတိုးထိပ်သီးအစည်းအဝေးတစ်ခုတွင် သဘောတူညီမှုရဖွယ် ရှိကြောင်း စတိုလ်တန်ဘာ့ဂ်က ယခုအပတ်အစောပိုင်းက ပြောသည်။

ယူကရိန်းတပ်ဖွဲ့များသည် အဓိကကျသည့် အရှေ့ပိုင်းမြို့တစ်မြို့အနီး ရုရှ တိုက်ခိုက်မှုများကို ခုခံတိုက်ခိုက်ခဲ့သလို တည်နေရာအများအပြားသည် အမြှောက်လက်နက်ကြီးနှင့် ဒုံးကျည်တိုက်ခိုက်မှုများကို ခံနေရသည်။ မည်သို့ပင် ဖြစ်စေ ရုရှအပေါ် အောင်နိုင်အောင် လုပ်ဆောင်မည်ဟု ယူကရိန်းက ဇွန်လ ၁၈ ရက်တွင် သန္နိဋ္ဌာန်ချ ပြောခဲ့သည်။

ရုရှတပ်များသည် မတ်လက ယူကရိန်း၏ မြို့တော် ကိယက်ဗ်ကို စီးနင်းရန် ကြိုးပမ်းခဲ့ရာတွင် မအောင်မမြင်ဖြစ်ထားခဲ့သည်။ ယင်းနောက်ပိုင်း ရုရှသည် ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသကို ပြောင်းလဲအာရုံစိုက်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required