ပါကစ္စတန်၌ စီးပွားရေးအကျပ်အတည်း ကြုံရခြင်းအတွက် အီမရန် ခန်းတွင် တာဝန်ရှိဟု ပြည်သူ ၄၃ ရာခိုင်နှုန်းက ယူဆကြောင်း စစ်တမ်းတွင် ဖော်ပြ

ပါကစ္စတန်၌ စီးပွားရေးအကျပ်အတည်း ကြုံရခြင်းအတွက် အီမရန် ခန်းတွင် တာဝန်ရှိဟု ပြည်သူ ၄၃ ရာခိုင်နှုန်းက ယူဆကြောင်း စစ်တမ်းတွင် ဖော်ပြ

ပါကစ္စတန်နိုင်ငံတွင် ဆိုးရွားသော စီးပွားရေးအခြေအနေများနှင့် ကြုံတွေ့ရခြင်းက ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်း ဦးဆောင်သော အစိုးရကြောင့် ဖြစ်သည်ဟု လူထုသဘောထားစစ်တမ်းတစ်ရပ်တွင် ဖြေဆိုသူ ၄၃ ရာခိုင်နှုန်းက ထုတ်ဖော်ခဲ့ကြသည်။

စစ်တမ်းပါ တွေ့ရှိချက်များအရ နိုင်ငံတွင် ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်နိုင်စွမ်း မရှိခြင်းနှင့် နိုင်ငံ၏ အားလျော့နေခဲ့သော စီးပွားရေးတို့အတွက် PTI ပါတီအစိုးရ၏ သုံးနှစ်တာ အုပ်ချုပ်မှုအပေါ် စစ်တမ်းဖြေဆိုသူများ အနက် ၄၃ ရာခိုင်နှုန်းက ပြင်းထန်စွာ ဝေဖန်ခဲ့ကြသည်ဟု The News International က ဖော်ပြသည်။

ထို စစ်တမ်းကို အများပြည်သူ သဘောထားအမြင်နှင့် သုတေသန အင်စတီကျူ့ (IPOR) က ပါကစ္စတန်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ IPOR သည် စစ်တမ်းများနှင့် လူမှုသိပ္ပံ သုတေသနပိုင်းတွင် အထူးပြုလုပ်ဆောင်သည့် သုတေသနကုမ္ပဏီတစ်ခု ဖြစ်သည်။

အီမရန် ခန်း အစိုးရလက်ထက်အတွင်း မည်သည့် အပြောင်းအလဲကိုမှ တွေ့ကြုံခံစားရခြင်းမရှိခဲ့ဟု စစ်တမ်းဖြေဆိုသူ ၂၁ ရာခိုင်နှုန်းက ပြောခဲ့ကြသည်။

ထို့အတူ စစ်တမ်းဖြေဆိုသူ ၅၅ ရာခိုင်နှုန်းက နိုင်ငံတွင် ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်နိုင်ရေး လုပ်ဆောင်ရန် လက်ရှိဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ် ဦးဆောင်သော အစိုးရကို တောင်းဆိုခဲ့ကြသည်။

IPOR သည် မေလ ၂၄ ရက်မှ ဇွန်လ ၃ ရက်အထိ ပါကစ္စတန်ရှိ စီးပွားရေး အခြေအနေများနှင့်ပတ်သက်ပြီး စစ်တမ်းတစ်ရပ် ကောက်ယူခဲ့ခြင်း ဖြစ်ပြီး နိုင်ငံ၏ ခရိုင် ၇၉ ခုရှိ လူပေါင်း ၂၀၀၀ ကျော်ထံမှ သဘောထား အမြင်များကို ကောက်ယူခဲ့သည်ဟု မီဒီယာသတင်းဌာနတစ်ခုက ဖော်ပြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly