ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်စက်ရုံထွက်ကုန်နှင့်လက်လီရောင်းချမှုများ အားလျော့လာ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်စက်ရုံထွက်ကုန်နှင့်လက်လီရောင်းချမှုများ အားလျော့လာ

တရုတ်နိုင်ငံ၏ စက်ရုံထွက်ကုန်နှင့် လက်လီရောင်းချမှုမှာ ပြီးခဲ့သည့်လတွင် ဆက်လက်လျော့နည်းနေခဲ့ကြောင်း ဇွန် ၁၅ ရက်ထုတ်ပြန်သည့် တရားဝင်အချက်အလက်များက ပြသနေသလို အားတက်ဖွယ်မရှိသော ဝယ်လိုအားနှင့် ရှည်ကြာလှသော ကိုဗစ်-၁၉ ကန့်သတ်ချက်များကြောင့် ကမ္ဘာ့ဒုတိယ အကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်သည့် တရုတ်၏ တိုးတက်မှုကို ထိခိုက်စေခဲ့သည်။

အမေရိကန်ကုန်သည်ကြီးများအသင်း (AmCham) က ရှန်ဟိုင်းတွင် ရှည်ကြာလှသော ကိုဗစ်-၁၉ ကန့်သတ်ချက်ကြောင့် မြို့တော်အတွင်းရှိ အမေရိကန်ကုမ္ပဏီများ၏ ၄ ပုံ ၁ ပုံသည် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များကို လျှော့ချရန်နှင့် ဝင်ငွေန်ခန့်မှန်းချက်များကို လျှော့တွက်ရန် ဖြစ်စေခဲ့ကြောင်း ဇွန် ၁၅ ရက်က ပြောသည်။

လက်လီရောင်းချမှုမှာ ဧပြီလက ၁၁ ဒသမ ၁ ရာခိုင်နှုန်းကျဆင်းသွားရာမှ တိုးတက်မှုရှိလာသော်လည်း တစ်နှစ်ထက်တစ်နှစ် ၆ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းလျက်ရှိကြောင်း တရုတ်နိုင်ငံ့စာရင်းအင်းဗျူရိုက ဆိုသည်။

“မေလမှာ ကျွန်တော်တို့နိုင်ငံစီးပွားရေးက ကပ်ရောဂါရဲ့ ဆိုးရွားတဲ့သက်ရောက်မှုကို တဖြည်းဖြည်း ကျော်လွှား နိုင်ခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံတကာဝန်းကျင်က ပိုပြီး ရှုပ်ထွေး ပြင်းထန်လာပြီး ပြည်တွင်းစီးပွားရေး နာလန် ထူမှုဟာ အခက်အခဲတွေ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်နေတာကို စောင့်ကြည့်ရပါမယ်” ဟု နိုင်ငံ့စာရင်းအင်း ဗျူရိုမှ ပြောရေးဆိုခွင့်ရှိသူ ဖူလင်ဟွေ့က သတင်းထောက်များကိုပြောသည်။

လက်လီရောင်းချမှုကျဆင်းခြင်းမှာ ၃ လဆက်တိုက်ရှိလာပြီဖြစ်ပြီး စားသုံးသူများသည် ကိုဗစ်-၁၉ အသွားအလာ ပိတ်ဆို့မှုများကြောင့် အသုံးအစွဲ ကျစ်လျစ်လာကြသည်။

စက်မှုထုတ်ကုန်သည် ဧပြီလတွင် ၂ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းသွားပြီးနောက် ၀ ဒသမ ၇ ရာခိုနှုန်း ပြန်တက်ခဲ့သလို မြို့ပြအလုပ်လက်မဲ့နှုန်းမှာ ၅ ဒသမ ၉ ရာခိုင်နှုန်းအထိ ကျဆင်းသွားသည်။

နွေရာသီတွင် ဘွဲ့ရမည့် ကျောင်းသား သန်းနှင့်ချီ ရှိနေသောကြောင့် အလုပ်လက်မဲ့ဖြစ်မည့်အလားအလာအပေါ် စိုးရိမ်မှုများ မြင့်တက်လျက်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှု စီမံခန့်ခွဲရေးကုမ္ပဏီ Pinpoint Asset Management Ltd မှ ဘောဂဗေဒပညာရှင် ကျန်းကျိဝေက ပြောသည်။

ကျေးလက်ဒေသ ရွှေ့ပြောင်းအလုပ်သမားများ၏ အလုပ်လက်မဲ့နှုန်းမှာ ဆက်လက်မြင့်တက်နေသလို ပထမ ၅ လအတွင်း အိမ်ရာရောင်းချမှုတွင် ၃၄ ဒသမ ၅ ရာခိုင်နှုန်းကျဆင်းခဲ့သည်ဟု အချက်အလက်များက ပြသနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly