ယူကရိန်းကျူးကျော်စစ်တွင် ရုရှတို့ မဟာဗျူဟာအရ ရှုံးနိမ့်နေပြီဟု ဗြိတိန်ကာချုပ် ပြော

ယူကရိန်းကျူးကျော်စစ်တွင် ရုရှတို့ မဟာဗျူဟာအရ ရှုံးနိမ့်နေပြီဟု ဗြိတိန်ကာချုပ် ပြော
Photo - AFP

ဇွန် ၁၇

ရုရှသည် ယူကရိန်း၌ ဆင်နွှဲနေသော ကျူးကျော်စစ်ပွဲတွင် “မဟာဗျူဟာအရ အရေးနိမ့်” နေပြီ ဖြစ်ကြောင်း ဗြိတိန်စစ်တပ် အကြီးအကဲက ဇွန်လ ၁၆ ရက် ညပိုင်းတွင် အခိုင်အမာ ပြောသည်။ တစ်ချိန်တည်းမှာပင် ဗြိတိန်သည် ကိယက်ဗ်နှင့် ဥရောပအရှေ့ပိုင်းအတွက် နောက်ထပ် ထောက်ကူပံ့ပိုးမှုများကို ကြေညာခဲ့သည်။

ရုရှသည် လေးလနီးပါးကြာ တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် “အလွန်သေးငယ်သော” နယ်မြေရရှိမှုများကိုသာ လုပ်နိုင်စွမ်းရှိသော “ပိုပြီး အင်အားဆုတ်ယုတ်လာသည့် ပါဝါနိုင်ငံ” ဖြစ်နေခဲ့ကြောင်း ဗြိတိန်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆာ တိုနီ ရက်ဒက်ကင်က ပြောသည်။

ရုရှသည် ယူကရိန်းအရှေ့ပိုင်း ဒေသများကို ထိထိရောက်ရောက် ထိန်းချုပ်ထားခဲ့သည် ဆိုသော်လည်း ဆုံးရှုံးမှု ကြီးကြီးမားမား ခံစားထားရပြီး ခန့်မှန်းခြေအားဖြင့် ယင်း၏ စစ်တပ်ရင်းမြစ်များ၏ လေးပုံတစ်ပုံကို ဆုံးရှုံးထားခဲ့ရကြောင်း ၎င်းက ပြောသည်။ ထို့ပြင် ရုရှသည် စစ်သည်တပ်ဖွဲ့အင်အားနှင့် အဆင့်မြင့် ဒုံးကျည်များလည်း လျော့ပါးလာနေပြီ ဖြစ်ကာ ယူကရိန်းနိုင်ငံ၏ ကျန်နယ်မြေအပိုင်းနေရာများကို မည်သည့်အခါမှ သိမ်းယူနိုင်လိမ့်မည် မဟုတ်ကြောင်း ၎င်းက ပြောသည်။

ဗြိတိန်သည် ယူကရိန်းသို့ ပေးပို့ရန် M109 တာဝေးပစ်အမြှောက်လက်နက် အလက် ၂၀ ကျော် ဝယ်ယူထားသည်ဟု ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဘန်ဝေါလေ့စ်က ကြေညာသည်။ ဘယ်လ်ဂျီယံလုပ် လက်နက်များသည် အကွာအဝေး ၂၅ မိုင်အထိ တိကျနိုင်စွမ်းရှိသော ၁၅၅ မီလီမီတာ လက်နက်ကြီးကျည်ဆံများကို ပစ်နိုင်သည်။

ဗြိတိန်သည် အက်စ်တိုးနီးယားသို့ နောက်ထပ် တပ်ဖွဲ့ဝင်များကို စေလွှတ်သွားနိုင်ပြီး အဆိုပါ ဘောလ်တစ်နိုင်ငံကို ရုရှ ကျူးကျော်မည့်အရေးကနေ တားဆီးကာကွယ်ရန် ထိုနိုင်ငံတွင် တပ်မဟာတပ်ဖွဲ့တစ်ခုကို ဦးဆောင်သွားနိုင်ကြောင်း မစ္စတာ ဝေါလေ့စ်က ပြောသည်။

ယူကရိန်းအပေါ် ကျူးကျော်မှုက “အလွန်ဆိုးဝါးသော အမှားတစ်ခု” ဖြစ်ခဲ့ကြောင်းနှင့် “ရုရှသည် ယူကရိန်းကို ဘယ်တော့မှ ထိန်းချုပ်နိုင်လိမ့်မည် မဟုတ်” ကြောင်း ဗိုလ်ချုပ်ကြီး ဆာ တိုနီက ပြောသည်။

“ရုရှ စက်ယန္တရားက အပတ်တကုပ် လည်ပတ်နေပါတယ်။ တစ်နေ့ကို နှစ် ၊ သုံး ၊ ငါး ကီလိုမီတာ လောက်တော့ တိုးသွားနေပါတယ်။ ဒါပေမယ့် ရုရှသမ္မတ ပူတင်ဟာ အလွန်သေးငယ်တဲ့ နယ်မြေပမာဏတစ်ခုကို ရဖို့ သူ့စစ်တပ်ရဲ့ အင်အား ၂၅ ရာခိုင်နှုန်းလောက်ကို အသုံးပြုထားရပြီး ဖြစ်ပါတယ်။ လူ ၅၀,၀၀၀ လောက်လည်း သေဆုံး ဒါမှမဟုတ် ဒဏ်ရာရထားပါတယ်” ဟု ၎င်းက ပြောသည်။

“ရုရှတို့ အရေးနိမ့်နေပါပြီ။ ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်မှာ သူတို့ဟာ နည်းဗျူဟာဆိုင်ရာ အောင်မြင်မှုတစ်ချို့ ရကောင်းရထားပါလိမ့်မယ်။ ပြီးတော့ ရှေ့လာမယ့် သီတင်းပတ်အနည်းငယ်မှာလည်း အဲဒါမျိုး ဆက်သွားကောင်းသွားနိုင်ပါတယ်။ ဒါပေမယ့် ရုရှတို့ မဟာဗျူဟာအရ ရှုံးနိမ့်နေပါပြီ”

“အကြောင်းရင်းတစ်ခုကတော့ နေတိုးအုပ်စုက ပိုပြီး အားကောင်းလာနေတာပဲဖြစ်တယ်။ ဖင်လန်နဲ့ ဆွီဒင်တို့မှာ နေတိုးအဖွဲ့ဝင်ဖြစ်ဖို့ ကြိုးပမ်းနေပါပြီ။ ပြီးတော့ ကျွန်တော်တို့ဟာ ယူကရိန်းကို အားပေးထောက်ကူပေးနေပါတယ်။ တကယ့် သတ္တိအစစ်က ဘယ်လိုမျိုးလဲဆိုတာကို ယူကရိန်းတို့ ပြသထားပါတယ်။ ဗြိတိန်ဟာ ဒါကို မပြီးမမြောက်ချင်း ဆက်လုပ်သွားပါမယ်” ဟု ၎င်းက ပြောသည်။

ဗြိတိန်သည် MLRS ဒုံးကျည်စနစ်များကို ပံ့ပိုးပေးနေသလို သံချပ်ကာ တိုက်ခိုက်ရေးယာဉ်အစီး ၁၂၀ ကို လွှဲပြောင်းပေးပို့ထားသည်။ ထို့ပြင် ယင်းသည် ထိရောက်နိုင်စွမ်း မြင့်မားသော NLAW တင့်ကားဖျက်ဒုံးများကိုလည်း ထောက်ပံ့ပေးထားသည်။

ယမန်နေ့ကလည်း နောက်ထပ် စစ်ဘက်ပစ္စည်းများ ထောက်ပံ့မှုကို ကြေညာခဲ့သည်။ “ကျွန်တော်တို့ဟာ ၁၅၅ မီလီမီတာ M109 အမြှောက်လက်နက် အလက် ၂၀ ကျော်ကို ပေးပို့ဖို့ လုပ်နေပါတယ်။ အဲဒါတွေကို ကျွန်တော်တို့ ပြန်လည် ပြင်ဆင်မွမ်းမံထားခဲ့ပြီး သူတို့ဟာ စတင်တိုက်ပွဲဝင်ပါတော့မယ်” ဟု မစ္စတာ ဝေါလေ့စ်က ပြောသည်။

ထို့ပြင် အရန်သင့်ရှိမည့် အင်အားဖြည့်တင်းမှုများနှင့်အတူ အက်စ်တိုးနီးယားရှိ ယင်း၏ တိုက်ပွဲဝင်အုပ်စုအဖွဲ့နှစ်ဖွဲ့ကို ပိုမိုကြီးမားသည့် တိုက်ခိုက်ရေးတပ်ဖွဲ့တစ်ခုအဖြစ် ဗြိတိန်အနေဖြင့် မည်ကဲ့သို့ အသွင်ပြောင်းသွားမလဲ ဆိုသည်ကိုလည်း ၎င်းက ပြောခဲ့သည်။ တပ်ဖွဲ့ဝင် အင်အား ၃,၀၀၀ မှ ၅,၀၀၀ ခန့်အထိ ရှိမည့် တပ်ဖွဲ့များ ထူထောင်ခြင်းက ဘောလ်တစ်နိုင်ငံများတွင် နေတိုးအုပ်စု၏ တည်ရှိမှုကို သိသိသာသာ အားပေးထောက်ကူလိမ့်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly