အီးယူအဖွဲ့ဝင်ဖြစ်ရေး ယူကရိန်း၏ ကြိုးပမ်းမှုကို အီးယူခေါင်းဆောင်များ အားပေးထောက်ခံ 

အီးယူအဖွဲ့ဝင်ဖြစ်ရေး ယူကရိန်း၏ ကြိုးပမ်းမှုကို အီးယူခေါင်းဆောင်များ အားပေးထောက်ခံ 
Photo - AFP

ဇွန် ၁၇

ဥရောပသမဂ္ဂ အီးယူ အဖွဲ့ဝင်ဖြစ်ရေးအတွက် သင့်တော်သည့် ကိုယ်စားလှယ်လောင်းအဖြစ် လက်ခံရန် ယူကရိန်းနိုင်ငံ၏ ကြိုးစားအားထုတ်မှုကို အီးယူ၏ အာဏာအရှိဆုံး ခေါင်းဆောင်များက ကြာသပတေးနေ့တွင် အားပေးထောက်ခံရာ ရုရှ၏ ကျူးကျော်စစ်ကို ယူကရိန်းက တိုက်ထုတ်နေရခြင်းတွင် ထောက်ခံမှုပေးရာ၌ ထိရောက်သော သင်္ကေတတစ်ရပ်ပင် ဖြစ်တော့သည်။ 

ပြင်သစ်သမ္မတ အမ်မန်နျူရယ် မက်ခရွန်၊ ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ် ရှိုးဇ်နှင့် အီတလီဝန်ကြီးချုပ် မာရီယို ဒရာဂီတို့က ယူကရိန်းသို့ ရထားဖြင့် ရောက်ရှိကြပြီး ရက်စက်သော စစ်ပွဲအစောပိုင်းအတွင်း ပြင်းထန်သည့် တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ကိယက်ဗ်မြို့တော် ဆင်ခြေဖုံးက အာပင်းမြို့သို့ သွားရောက်ခဲ့ကြသည်။ 

နောက်ပိုင်းတွင် ကိယက်ဗ်၌ ရိုမေးနီးယားသမ္မတ ကလပ်စ် အိုင်အိုဟန်းနစ်က ကိယက်ဗ်တွင် လာရောက်ပူးပေါင်းပြီး ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးနှင့် တွေ့ဆုံကြသည်။ ဇယ်လန်စကီးအနေဖြင့် လက်နက်များ ပိုမို များပြားစွာနှင့် မြန်မြန်ဆန်ဆန် ပေးပို့ပေးရေးအတွက် အနောက်မဟာမိတ်များကို တောင်းဆိုလျက် ရှိနေသည်။ 

“ယူကရိန်းကို အီးယူအဖွဲ့ဝင်အဖြစ် လက်ခံရေး ချက်ချင်း ကိုယ်စားလှယ်အဆင့် ထားရှိဖို့ကို ကျွန်တော်တို့ လေးဦးစလုံး ထောက်ခံပါတယ်”ဟု အီးယူမိတ်ဆွေများနှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် မက်ခရွန်က ပြောသည်။ 

ဒရာဂီကလည်း “ကျွန်တော်တို့ လာရောက်တဲ့ ခရီးစဉ်ရဲ့ အရေးကြီးဆုံး သတင်းစကားကတော့ အီတလီဟာ ယူကရိန်းကို အီးယူအဖွဲ့ထဲ ရောက်စေချင်တယ်ဆိုတာပါပဲ”ဟု ပြောသည်။ 

ယူကရိန်းသည် ဥရောပ မိသားစုဝင်ပဲ ဖြစ်ကြောင်း အိုလက်ဖ် ရှိုးဇ်က ပြောပြီး “လက်နက်တွေ ပေးပို့တာနဲ့အတူ ယူကရိန်းကို ကျွန်တော်တို့ ထောက်ခံအားပေးနေပါတယ်၊ လိုအပ်သရွေ့လည်း ဆက်လက်ပံ့ပိုးသွားမှာ ဖြစ်တယ်”ဟု စိတ်ပိုင်းဖြတ် ပြောဆိုသည်။ 

ယူကရိန်းသည် အီးယူ၏ တင်းပြည့်အဖွဲ့ဝင်ဖြစ်ရေးအတွက် လုပ်ဆောင်သွားရန် အသင့်ရှိနေကြောင်း ဇယ်လန်စကီးက ကတိပေးရင်း ကိုယ်စားလှယ်အဆင့်နှင့် ထိုက်တန်ကြောင်းကို ယူကရိန်းက သက်သေပြပြီး ဖြစ်ကြောင်း ပြောဆိုသည်။ 

အဖွဲ့ဝင် ၂၇ နိုင်ငံစလုံး၏ အတည်ပြုရန် လိုအပ်မည်ဖြစ်သော အီးယူ ကိုယ်စားလှယ်လောင်းအဖြစ် ယူကရိန်း၏ တရားဝင် လျှောက်ထားမှုနှင့် ပတ်သက်ပြီး ဆွေးနွေးကြရန် ဥရောပကော်မရှင်သည် သောကြာနေ့တွင် တွေ့ဆုံမည် ဖြစ်သည်။ 

ကိုယ်စားလှယ်လောင်းအဖြစ် သတ်မှတ်ခံရပြီးလျှင် ရုရှ မကျူးကျော်ခင်ကတည်း အကျင့်ပျက်ခြစားမှုဖြင့် နာမည်ထွက်သော ဆင်းရဲသည့် ယူကရိန်းနိုင်ငံအတွက် အီးယူအဖွဲ့ဝင် စံနှုန်းများနှင့် ပြည့်မီရေးအတွက် နှစ်အတန်ကြာ အချိန်ယူရဖွယ် ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly