ရုရှကျူးကျော်စစ်နောက်ပိုင်း ပထမဆုံးအဖြစ် ပြင်သစ်၊ ဂျာမနီနှင့် အီတလီခေါင်းဆောင်များ ယူကရိန်းသို့ လာရောက် 

ရုရှကျူးကျော်စစ်နောက်ပိုင်း ပထမဆုံးအဖြစ် ပြင်သစ်၊ ဂျာမနီနှင့် အီတလီခေါင်းဆောင်များ ယူကရိန်းသို့ လာရောက် 
Photo - AFP

ဇွန် ၁၆

ပြင်သစ်သမ္မတ အမ်မန်နျူရယ် မက်ခရွန်၊ ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ် ရှိုးဇ်နှင့် အီတလီဝန်ကြီးချုပ် မာရီယို ဒရာဂီတို့သည် ရုရှကျူးကျော်မှုနောက်ပိုင်း ယူကရိန်းသို့ ၎င်းတို့၏ ပထမဆုံးခရီးစဉ်အဖြစ် ကြာသပတေးနေ့တွင် ကိယက်ဗ်မြို့သို့ ရောက်ရှိလာကြသည်။ 

ပိုလန်မှ အထူးရထားဖြင့် ခေါင်းဆောင်များက ရောက်ရှိလာခြင်းဖြစ်ပြီး ယူကရိန်းမြို့တော်၏ ဘူတာရုံပလက်ဖောင်းပေါ် ဆင်းသက်လာကြသည်ကို အေအက်ဖ်ပီ၏ သတင်းဓာတ်ပုံများအရ မြင်တွေ့ရသည်။ 

ဖေဖော်ဝါရီ ၂၄ ရက် ရုရှကျူးကျော်စစ် စတင်ချိန်မှစပြီး ၎င်းတို့ ခေါင်းဆောင်သုံးဦး၏ ယူကရိန်းသို့ ပထမဆုံး ခရီးစဉ်လည်းပဲ ဖြစ်သည်။ 

၎င်းတို့အနေဖြင့် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးနှင့် တွေ့ဆုံမည်ဖြစ်ပြီး လူအစုပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်ခဲ့သော စစ်ပွဲနေရာသို့ သွားရောက်မည်ဖြစ်ကြောင်း မက်ခရွန်က ပြောသည်။ 

ကိယက်ဗ်ဝန်းကျင်က မြို့များတွင် ရုရှတို့၏ ရက်စက်မှုများသည် “စစ်ရာဇဝတ်မှု” မြောက်ကြောင်း ပြင်သစ်ခေါင်းဆောင်က ပြောသည်။ 

“ယူကရိန်းက ပြည်သူတွေဆီ ဥရောပရဲ့ စည်းလုံးညီညွတ်မှုကို သတင်းစကားပါးလိုက်တာပါပဲ”ဟု ရထားပေါ်က ဆင်းချိန်၌ မက်ခရွန်က ပြောသည်။ 

လက်ရှိနှင့် မိမိတို့ ခန့်မှန်းရခက်သော အနာဂတ်အရေး ဆွေးနွေးရန် လာရောက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ 

ဥရောပသမဂ္ဂသို့ အဖွဲ့ဝင်ရောက်ရေးအတွက် ယူကရိန်းက တရားဝင်ကိုယ်စားလှယ် ခန့်အပ်နိုင်ရေးကို ကြိုးပမ်းနေစဉ် ယခု ခေါင်းဆောင်သုံးဦး၏ ခရီးစဉ်လာရောက်ခြင်းလည်း ဖြစ်သည်။ 

ခေါင်းဆောင်သုံးဦးသည် ပိုလန်အရှေ့တောင်ပိုင်းက ဇက်ဇော အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ညပိုင်း၌ တွေ့ဆုံခဲ့ကြပြီး ကြာသပတေးနေ့ အစောပိုင်းနာရီတွင် အထူးရထားဖြင့် ပိုလန်မှ ထွက်ခွာခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly