အာရှတွင် ပြည်ပကြွေးမြီ ပြန်မဆပ်နိုင်သော နောက်ထပ်နိုင်ငံ ဖြစ်လာနိုင်ခြေ ရှိနေသည့် လာအို

အာရှတွင် ပြည်ပကြွေးမြီ ပြန်မဆပ်နိုင်သော နောက်ထပ်နိုင်ငံ ဖြစ်လာနိုင်ခြေ ရှိနေသည့် လာအို

ဇွန် ၁၆

သီးသန့်အရန်ငွေများ တစ်စတစ်စ လျော့ပါးလာခြင်း၊ ငွေကြေးဖောင်းပွမှု မြင့်တက်ခြင်းတို့နှင့်အတူ လာအိုနိုင်ငံသည် ယခုအခါ သီရိလင်္ကာနိုင်ငံကို ကြွေးမြီပြန်မဆပ်နိုင်သော အခြေအနေသို့ ရောက်အောင် တွန်းပို့ခဲ့သည့်၊ ပါကစ္စတန်၏ ပြည်ပငွေပေးငွေယူ ရှင်းတမ်းလက်ကျန်အပေါ် ခြိမ်းခြောက်နေသည့် တူညီသော ဝန်ပိမှုအခြေအနေအချို့နှင့် ရင်ဆိုင်နေရသည်။

လူဦးရေ ၇ ဒသမ ၅ သန်းရှိ အရှေ့တောင်အာရှနိုင်ငံတစ်ခွင် လောင်စာဆီ ရှားပါးပြတ်လပ်မှုများနှင့် ကြုံတွေ့နေရခြင်းက ဖိစီးမှု၏ နောက်ဆုံးလက္ခဏာ ဖြစ်နေပြီး ယင်းသည် ရေနံဈေးနှုန်းများ မြင့်တက်ခြင်းနှင့် ငွေကြေးတန်ဖိုး ကျဆင်းခြင်းတို့၏ ရလဒ် ဖြစ်သည်။ စိုးရိမ်ပူပန်စရာအကောင်းဆုံးက နိုင်ငံ၏ ငွေသားအစုအပုံကို သေးနုတ်သွားစေသည့် အကြွေးဝန်ထုပ်တစ်ခုပင် ဖြစ်သည်။ ယင်းသည် ၁၉၇၅ ခုနှစ်ကတည်းက အာဏာကို တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားခဲ့သည့် သိုသိပ်သော ကွန်မြူနစ်အစိုးရတစ်ရပ်အတွက် စိန်ခေါ်မှုတစ်ခု ဖြစ်သည်။

“ကြွေးမြီ ပြန်ဆပ်ဖို့ ပျက်ကွက်တဲ့ အခြေအနေ ရောက်တော့မယ့်ဆဲဆဲ ဖြစ်နေပါတယ်” ဟု ကြွေးမြီပြန်ဆပ်နိုင်စွမ်း အဆင့်သတ်မှတ်အကဲဖြတ်ရေးလုပ်ငန်း Moody’s Investors Service ၏ ဒုဥက္ကဋ္ဌနှင့် ချေးငွေဆိုင်ရာ အကြီးတန်းအရာရှိ အနွတ်ရှ်ကာ ရှားက ပြောသည်။ အုပ်ချုပ်ပုံ အားနည်းခြင်း၊ ကြွေးမြီ ဝန်ထုပ်ဝန်ပိုး အလွန်မြင့်မားခြင်း၊ တိုးလာနေသော ပြည်ပကြွေးမြီကို ပြန်ဆပ်ရန် နိုင်ငံခြားအရန်သုံးငွေ မလုံလောက်ခြင်းတို့ကို ထောက်ရှုကိုးကားရင်း လာအိုနိုင်ငံ၏ ကြွေးမြီပြန်ဆပ်နိုင်စွမ်း အဆင့်သတ်မှတ်ချက်ကို Moody’s Investors Service က အဆင့်တစ်ဆင့်လျှော့ချပြီး Caa3 အဖြစ် ထားခဲ့သည်။

ကမ္ဘာ့ဘဏ်၏ အဆိုအရ ဒီဇင်ဘာအထိ လာအိုနိုင်ငံသည် အရန်သင့်ရှိသည့် သီးသန့်အရန်ငွေ ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ ရှိခဲ့ပြီး တစ်ချိန်တည်းမှာပင် ၂၀၂၅ ခုနှစ်အထိ နှစ်စဉ် ပြည်ပသို့ ပြန်ဆပ်ရန် တင်ရှိနေသည့် ကြွေးမြီစုစုပေါင်းပမာဏက အကြမ်းဖျင်းအားဖြင့် အဆိုပါ တူညီသည့် ပမာဏပင် ရှိနေကာ ယင်းက နိုင်ငံ၏ စုစုပေါင်းပြည်တွင်းဝင်ငွေ၏ ထက်ဝက်ခန့်မျှနှင့် ညီမျှနေသည်။

မှတ်ချက်ပေးရန် ပန်ကြားချက်များကို လာအိုဘဏ္ဍာရေး ဝန်ကြီးဌာနက မတုံ့ပြန်ခဲ့ပေ။

ဒေါ်လာနှင့် ယှဉ်လျင် ပြည်တွင်းသုံးငွေတန်ဖိုးများကို အားနည်းစေပြီး သွင်းကုန်တင်သွင်းမှုများကို ပိုမို စရိတ်စကကြီးစေသည့် အမေရိကန် အတိုးနှုန်းများ ပိုမို မြင့်တက်ခြင်း နှင့် ယူကရိန်းအပေါ် ရုရှ ကျူးကျော်မှုကြောင့် အဓိက သက်ရောက်သည့် ရေနံဈေးနှုန်း မြင့်တက်မှု တို့ကြောင့် ဖွံ့ဖြိုးဆဲ နိုင်ငံများကို ကြွေးမြီဝန်ထုပ်များ မြင့်မားစေခြင်း၊ ဝင်ငွေ အားနည်းခြင်းနှင့် အရန်ငွေ မလုံလောက်ခြင်းတို့နှင့် ရင်ဆိုင်ရနိုင်သည် ဆိုသည့် မှန်းဆချက်များကို ထွက်ပေါ်ထားစေခဲ့သည်။

အထက်ပါ အချက်များ ပေါင်းစုံသွားခြင်းကြောင့် ယခုနှစ်အစောပိုင်းတွင် သီရိလင်္ကာနိုင်ငံကို စီးပွားရေးနှင့် နိုင်ငံရေး အကျပ်အတည်းတစ်ခုထဲ သက်ဆင်းရစေရန် တွန်းပို့ခဲ့ကာ အဆိုပါ ကျွန်းနိုင်ငံအနေဖြင့် လောင်စာဆီ၊ အစားအစာနှင့် ဆေးဝါးများကို တင်သွင်းနိုင်စွမ်း မရှိဘဲ ဖြစ်ခဲ့ရသလို ယင်း၏ နိုင်ငံခြားကြွေးမြီများကိုလည်း ပြန်ဆပ်ရန် ပျက်ကွက်ခဲ့ကာ နိုင်ငံခြားဘဏ္ဍာငွေ အကူအညီများ ရရှိရေး အသည်းအသန်ကြိုးပမ်းနေခဲ့ရသည်။

တစ်ပါတီစနစ် အုပ်ချုပ်သည့် နိုင်ငံတွင် ကွပ်ကဲနေသည့် အာဏာရ လာအို ပြည်သူ့ တော်လှန်ရေးပါတီ (LPRP) အနေဖြင့် လက်ရှိ စိန်ခေါ်မှုကို ကျော်လွှားလွန်မြောက်အောင် လုပ်ဆောင်သွားနိုင်မည်ဟု မျှော်လင့်ရသည်။

သီရိလင်္ကာဝန်ကြီးချုပ် မဟင်ဒါ ရာဂျာပက်ဆာ ရာထူးမှ ထွက်ပေးခဲ့ရသည်အထိ ဦးတည်စေခဲ့သော ဆန္ဒပြပွဲမျိုး လာအိုတွင် ဖြစ်လာနိုင်ခြေ မရှိသော်လည်း လူထုအကြား တအုံနွေးနွေး ပူပန်သောကတို့က လက်ရှိ ခေါင်းဆောင်ပိုင်းအတွက် ကြီးလေးသော အကျိုးဆက်များကို ရှိစေနိုင်သည်ဟု အန္တရာယ်စွန့်စားရမှုနှင့် မဟာဗျူဟာ အတိုင်ပင်ခံလုပ်ငန်း Control Risks မှ တွဲဖက်ညွှန်ကြားရေးမှူး ဟာရီဆန် ချန်းက ပြောသည်။

“LPRP အနေနဲ့ စီးပွားရေး အကျပ်အတည်း မှေးမှိန်သွားချိန်အထိ အချိန်ဆွဲထားဖို့အတွက် ပြည်သူလူထုကို ချွေးသိပ်ဖို့ ကြိုးစားခဲ့မယ်ဆိုရင် ဖြစ်နိုင်ခြေ အများဆုံးကတော့ ဝန်ကြီးတွေလို အဆင့်မြင့်လယ်ဗယ် အရာရှိအချို့ ဒါမှမဟုတ် ယုတ်စွအဆုံး ဝန်ကြီးချုပ် ဖန်ခမ်း ဗီဖာဗန်းကို စတေးတာမျိုး ဖြစ်နိုင်ပါတယ်” ဟု ၎င်းက ပြောသည်။ “မေးစရာ ရှိတာကတော့ ငွေကြေးဖောင်းပွမှု မြင့်တက်မှု အဆုံးသတ်ဖို့ မရှိသေးတာနဲ့ ကြီးလေးတဲ့ ကြွေးမြီ အကျပ်အတည်းတို့ကို ထည့်သွင်းစဉ်းစားကြည့်ရင် LPRP အနေနဲ့ အကျပ်အတည်းကို အချိန်မီ ဖြေရှင်းနိုင်မလား ဆိုတာပဲ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required