အာဖဂန်သို့ ပို့ဆောင်သည့် စာနာမှုအကူအညီပစ္စည်းများကို ပါကစ္စတန်က မရိုးမသား လုပ်ဆောင်ခဲ့မှုများ ရှိခဲ့ဟု သတင်းများထွက်ပေါ်

By Zee5
15 June 2022
အာဖဂန်သို့ ပို့ဆောင်သည့် စာနာမှုအကူအညီပစ္စည်းများကို ပါကစ္စတန်က မရိုးမသား လုပ်ဆောင်ခဲ့မှုများ ရှိခဲ့ဟု သတင်းများထွက်ပေါ်

အာဖဂန်နစ္စတန်သို့ သယ်ယူပို့ဆောင်သည့် အိန္ဒိယ၏ လူသားချင်းစာနာမှု အကူအညီပစ္စည်းများကို ပါကစ္စတန်က မှောင်ခိုသွင်းယူ၊ သိုလှောင်သိမ်းဆည်းမှုများ ရှိခဲ့သည်ဟု သတင်းများက ဖော်ပြသည်။

အိန္ဒိယက အကူအညီအဖြစ် ပေးအပ်သော ဂျုံများသည် အာဖဂန်နစ္စတန်သို့ ရောက်ရှိသွားခဲ့ပြီးမှ “ပါကစ္စတန်သို့ ပြန်လည် ပို့ဆောင်မှုများ” ရှိခဲ့သည်ဟု သတင်းများက ဖော်ပြသည်။

တရားမဝင် နယ်စပ်ဖြတ်ကျော်ပြီး ပါကစ္စတန်ဘက်သို့ သွားမည့် ဂျုံတင်ထရပ်ကား ၅၀ စီးကို ဟယ်လ်မန်းပြည်နယ်မှ တာလီဘန် လုံခြုံရေးတာဝန်ရှိသူများက တားဆီးခဲ့ရကြောင်း Khaama Press မီဒီယာက မေ ၃၁ ရက်တွင် ဖော်ပြသည်။

အလားတူ မေ ၃၀ ရက်ကလည်း နောက်ထပ် ဂျုံတင် ထရပ်ကားများကို ဟီရတ်-ကန်ဒါဟာ အဝေးပြေးလမ်းမပေါ်တွင် ဖမ်းမိခဲ့ကြောင်း ဟယ်လ်မန်းပြည်နယ်ဆိုင်ရာ တာလီဘန် ပြန်ကြားရေးနှင့် ယဉ်ကျေးမှု ညွှန်ကြားရေးမှူး ဟာဖစ် ရာရှစ်ဒ် ဟယ်လ်မန်ဒီက ပြောသည်။

အဆိုပါကားများသည် ပါကစ္စတန်သို့ ဦးတည်သွားရောက်ရန် ဟယ်လ်မန်းပြည်နယ် ဝါရှီရာ ခရိုင်ရှိ ကုမ္ပဏီဧရိယာတစ်ခုတွင် ကုန်တင်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့်အပတ်က အိန္ဒိယအစိုးရသည် အာဖဂန်နစ္စတန်အတွက် ပေးအပ်သော လူသားချင်းစာနာမှု အကူအညီ များ သယ်ယူပေးပို့မှုများကို ကြီးကြပ်ရန်နှင့် အိန္ဒိယ၏ အကူအညီပေးမှုနှင့်ပတ်သက်ပြီး တာလီဘန်တို့နှင့် ဆွေးနွေးရန် အဖွဲ့တစ်ဖွဲ့ကို ကဘူးလ်သို့ စေလွှတ်ခဲ့သည်။

ယင်းသည် အာဖဂန်နစ္စတန်၌ တာလီဘန်တို့ ထိန်းချုပ်ပြီးနောက်ပိုင်း အိန္ဒိယအစိုးရ၏ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ ကဘူးလ်သို့ လာရောက်သော ပထမဆုံး ခရီးစဉ်ဖြစ်သည်။ အိန္ဒိယ၏ ဖွံ့ဖြိုးရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ပေးအပ်မှုအပေါ် အာဖဂန် လူ့အဖွဲ့အစည်းက အထူးကျေးဇူးတင်နေကြသည်။ ယင်းနှင့်ပတ်သက်ပြီး အိန္ဒိယအဖွဲ့သည် တာလီဘန် အကြီးတန်းအရာရှိများနှင့် တွေ့ဆုံမည် ဖြစ်ပြီး အာဖဂန်ပြည်သူများအတွက် လူသားချင်းစာနာမှု အကူအညီပေးအပ်ရေး ဆွေးနွေးမှုများ လုပ်ဆောင်သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required