တရုတ်က တိဗက်နှင့်ဝီဂါများအပေါ် ယဉ်ကျေးမှုဆိုင်ရာမျိုးတုံးသတ်ဖြတ်မှု ဆက်လက်ကျူးလွန်နေ

တရုတ်က တိဗက်နှင့်ဝီဂါများအပေါ် ယဉ်ကျေးမှုဆိုင်ရာမျိုးတုံးသတ်ဖြတ်မှု ဆက်လက်ကျူးလွန်နေ

အာဏာရတရုတ်ကွန်မြူနစ်ပါတီသည် ရှင်ကျန်းရှိ လူနည်းစု မွတ်စလင်များနှင့် တိဗက်တွင်နေထိုင်သော တိဗက်လူမျိုးများအပေါ် ရက်စက်စွာ ပြုမူဆက်ဆံနေသလို အမျိုးသားရေးလက္ခဏာနှင့် ကမ္ဘာလုံးဆိုင်ရာ ပထဝီဝင်နိုင်ငံရေးအဆင့်တွင် ပဲ့ကိုင်ရှင်ဖြစ်စေရန် ကြိးပမ်းမှုသည် ရုပ်ဆိုးအကျည်းတန်လှသည်။

ရှင်ကျန်းရှိ ဝီဂါလူနည်းစုများအပေါ် တရုတ်ကွန်မြူနစ်ပါတီ၏ အကျည်းတန်လှသော နှိပ်စက်မှုမှာ ဖုံးကွယ်၍ မရပေ။ ထွက်ပြေးရန်ကြိုးစားသူကို ပစ်သတ်ဟူသော ၎င်းတို့၏မူဝါဒများသည် နှိပ်စက်မှုများအနက် တစ်ခုဖြစ်သည်။

လူဦးရေပြန့်ပွားခြင်းကို တားဆီးရန် အမျိုးသမီးများအား သားကြောဖြတ်ခြင်းနှင့် ကလေးများကို မိသားစုများနှင့်ခွဲခြားထားခြင်းတို့သည် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ရာရောက်သည်။ ထို့ပြင် တရုတ်သည် ယဉ်ကျေးမှုနှင့်ဘာသာရေးဆိုင်ရာဝိသေသလက္ခဏာများကို ချေမှုန်းရန်လည်း ကြိုးစားခဲ့ကြသည်။

တရုတ်သည် ၁၉၅၀ ခုနှစ်တွင် တိဗက်ကို တရားမဝင် သိမ်းပိုက်ခဲ့ပြီးနောက် တိဗက်၏ထူးခြားသော အမှတ်လက္ခဏာနှင့်ယဉ်ကျေးမှုကို အမြစ်ဖြတ်မည့်အစီအစဉ်ဖြင့် တရုတ်လက္ခဏာအသွင်ပြောင်းခြင်းမူဝါဒကို လိုက်နာကျင့်သုံးခဲ့သည်။

တိဗက်ကို တရားမဝင် သိမ်းပိုက်ချိန်မှစ၍ တရုတ်နိုင်ငံသည် တိဗက်လူမျိုးများ၏ ကိုယ်ပိုင်ဘာသာ၊ ဘာသာစကား၊ ဓလေ့ထုံးတမ်းနှင့် ယဉ်ကျေးမှုတို့ကို ကျင့်သုံးသော တိဗက်လူမျိုးများ၏ အခွင့်အရေးများကို ချိုးဖောက်ခဲ့သည်။ တရုတ်အာဏာပိုင်များသည် တရုတ်လက္ခဏာအသွင်ပြောင်းရေးမစ်ရှင်ကို ပြီးမြောက်အောင်လုပ်ရန် ၎င်းတို့၏ဘာသာစကား မန်ဒရင်းကို မူလတန်းအဆင့်မှစ၍ တိဗက်ကျောင်းများတွင် ကြားခံသင်ကြားရေးဘာသာစကားအဖြစ်
အသုံးချခြင်းဖြင့် တိဗက်၏ယဉ်ကျေးမှုဆိုင်ရာ လက္ခဏာများကို တိုက်ခိုက်ခဲ့ကြောင်း Singapore Post သတင်းတွင် ဖော်ပြထားသည်။

တရုတ်အာဏာပိုင်များသည် အခြားမျိုးနွယ်စုများနှင့် လူမျိုးစုများအကြား မန်ဒရင်းဘာသာစကားကို မြှင့်တင်သည့် နောက်ခံအစီအစဉ်ဖြင့် ပညာရေးအမည်ခံကာ စီမံကိန်းများကို လုပ်ဆောင်သည့် သာဓကများ အများအပြားရှိသည်ဟု Singapore Post ၌ ဖော်ပြထားသည်။

နိုင်ငံတကာအသိုက်အဝန်းများစွာက တရုတ်သည် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများကို ကျူးလွန်ကြောင်း စွပ်စွဲနေကြသော်လည်း တရုတ်သည် တိဗက်ဗုဒ္ဓဘာသာကို တရုတ်လက္ခဏာအသွင်ပြောင်းရန် ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly