အကျပ်အတည်း ဆိုက်နေသည့် သီရိလင်္ကာတွင် လောင်စာဆီကို တစ်ပတ်တစ်ခါ ခွဲတမ်းဖြင့်သာ ရောင်းချမည်ဟု ကြေညာ

အကျပ်အတည်း ဆိုက်နေသည့် သီရိလင်္ကာတွင် လောင်စာဆီကို တစ်ပတ်တစ်ခါ ခွဲတမ်းဖြင့်သာ ရောင်းချမည်ဟု ကြေညာ

ဇွန် ၁၃

စီးပွားရေးအကျပ်အတည်း ဆိုက်နေသည့် သီရိလင်္ကာနိုင်ငံတွင် ယာဉ်မောင်းသူများအတွက် လောင်စာဆီကို တစ်ပတ်တစ်ခါ ခွဲတမ်းဖြင့်သာ ရောင်းချမည်ဟု ဇွန်လ ၁၂ ရက်တွင် ကြေညာခဲ့သည်။ ယင်းနိုင်ငံတွင် စိုးရိမ်ဖွယ်ရာ လောင်စာဆီ ရှားပါးမှုက ပိုမိုဆိုးဝါးလာနေခဲ့ပြီး ဆက်လက်ဖွင့်လှစ်ထားဆဲဖြစ်သည့် အနည်းငယ်သော ဆီဆိုင်များ၏ အပြင်ဘက်တွင် ယာဉ်တန်းရှည်စီတန်း စောင့်ဆိုင်းမှုများ ဖြစ်ပေါ်နေခဲ့သည်။

နိုင်ငံပိုင် Ceylon ရေနံကော်ပိုရေးရှင်းသည် ရေနံတင်သွင်းမှုများအတွက် ငွေကြေးစိုက်ထုတ်ထောက်ပံ့ရန် အပြင်းအထန် ကြိုးပမ်းနေရကြောင်း စွမ်းအင်ဝန်ကြီး ကန်ချာနာ ဝီဂျီဆီကီရာက ပြောသည်။ လျှပ်စစ်နှင့် အယ်လ်ပီဂျီ ဓာတ်ငွေ့ရည် ရှားပါးပြတ်လပ်မှုများကြောင့် သုံးစွဲမှုက ထိုးတက်ထားခဲ့သည်။

“ကျွန်တော်တို့မှာ အခြားရွေးချယ်စရာ ဘာမှ မရှိတော့ပါဘူး။ ဆီဖြည့်တဲ့ ဆိုင်တွေမှာ ဖောက်သည်တွေကို စာရင်းသွင်းဖို့သာ ရှိပါတော့တယ်။ ကျွန်တော်တို့အနေနဲ့ ဘဏ္ဍာရေး အခြေအနေ ခိုင်မာအားကောင်းအောင် မလုပ်နိုင်မချင်း သူတို့ကို အပတ်စဉ် ခွဲတမ်းနဲ့ ရမယ်ဆိုတဲ့ အာမခံချက်တစ်ခု ပေးပါမယ်” ဟု ဝန်ကြီးက ပြောသည်။

“ဒီစနစ်က ဇူလိုင်လ ပထမအပတ်ကျရင် နေရာတကျ ဖြစ်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်”

ယခု စနစ်သစ်အောက်တွင် ယာဉ်အသုံးပြုသူဦးရေ မည်မျှကို လောင်စာဆီ ဝယ်ယူခွင့် ပြုမည်လဲ ဆိုသည်ကို ၎င်းက ပြောမသွားခဲ့ပေ။

သီရိလင်္ကာနိုင်ငံသည် ဆယ်စုနှစ်များအတွင်း အဆိုးဆုံးသော စီးပွားရေး အကျပ်အတည်းနှင့် ရင်ဆိုင်လုံးပန်းနေခဲ့ရပြီး နိုင်ငံသည် အရန်နိုင်ငံခြားသုံးငွေ ပြတ်လပ်မှုကြောင့် အစားအစာ၊ လောင်စာဆီနှင့် ဆေးဝါး ကဲ့သို့ အခြေခံ လိုအပ်သည့် ပစ္စည်းများကို တင်သွင်းနိုင်စွမ်း မရှိဘဲဖြစ်နေသည်။

ဧပြီလလယ်က အစိုးရသည် နိုင်ငံတွင် မော်တော်ဆိုင်ကယ်တစ်စီးအတွက် ဓာတ်ဆီ လေးလီတာ၊ သုံးဘီးတစ်စီးအတွက် ငါးလီတာ၊ ကားများနှင့် SUVs များအတွက် ဓာတ်ဆီ သို့မဟုတ် ဒီဇယ် ၁၉ ဒသမ ၅ လီတာထက် ပိုဖြည့်မပေးရန် ဆီဆိုင်အားလုံးကို ညွှန်ကြားခဲ့သည်။

ထိုစနစ်အောက်တွင် ယာဉ်မောင်းသမားအများစုအနေဖြင့် ပြည့်အောင် ဖြည့်မည်ဖြစ်ပြီး ယင်းနောက် ဆီများကို ပုံးများထဲသို့ ပြန်ဖောက်ထုတ်ကာ နောက်တစ်ကြိမ် ပြန်သွားတန်းစီနိုင်စရာ ရှိနေခဲ့သည်။

ယခုအပတ်တွင် ဆီဆိုင်များအရှေ့တွင် ဆီဖြည့်ရန် တန်းစီစောင့်ဆိုင်းနေသည့် ယာဉ်တန်းများက ပိုရှည်လာခဲ့ပြီး ကားရာချီနှင့် ဆိုင်ကယ်ထောင်နှင့်ချီတို့ တန်းစီစောင့်ဆိုင်းနေကြရကာ တစ်ခါတစ်ရံ ရက်ချီကြာ စောင့်ဆိုင်းရမှုများ ရှိနေခဲ့သည်။

ပြီးခဲ့သည့် နှစ်ပတ်အကြာက သီရိလင်္ကာသည် နိုင်ငံတွင် ပြန်လည်ချက်လုပ်ရန် ရုရှ ရေနံစိမ်း ကုန်စည်တစ်ခုကို လက်ခံရရှိခဲ့သည်။ သို့သော် ဆာပူဂတ်စ်ကန်ဒါ ရေနံချက်စက်ရုံမှ ထွက်ရှိသော အပြီးသတ်ထုတ်ကုန်သည် နိုင်ငံ၏ နေ့စဉ် လိုအပ်ချက်၏ ဆယ်ပုံတစ်ပုံအောက်သာ ဖြစ်နေခဲ့သည်။

ပြီးခဲ့သည့်လက ဒူဘိုင်းအခြေစိုက် Coral Energy ကုမ္ပဏီမှ ချေးငွေဖြင့် ဝယ်ယူခဲ့သည့် ဆိုက်ဘေးရီးယား light crude အမျိုးအစား ရေနံစိမ်းတန်ချိန် ၉၀,၀၀၀ ခန့်သည် သီရိလင်္ကာ၏ ရေနံချက်စက်ရုံသို့ ရောက်ရှိထားခဲ့သည်။

သီရိလင်္ကာအစိုးရသည် ရုရှရေနံ တိုက်ရိုက် ထောက်ပံ့မှုများ ရယူနိုင်ရန် ကိုလံဘိုရှိ မော်စကိုသံတမန်ထံ ချဉ်းကပ်ဆွေးနွေးထားကြောင်း စွမ်းအင်ဝန်ကြီးက ပြောသည်။

သီရိလင်္ကာသည် ဧပြီလလယ်က နိုင်ငံခြားကြွေးမြီ ဒေါ်လာ ၅၁ ဘီလီယံ ကြွေးပြန်ဆပ်ရန် ပျက်ကွက်ခဲ့ပြီး ထို့နောက်ပိုင်းမှစပြီး အကျပ်အတည်းမှ လွတ်နိုင်ရေး ငွေကြေးအကူအညီရရှိနိုင်ရန် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့နှင့် ဆွေးနွေးမှုများ လုပ်ဆောင်ထားခဲ့သည်။

လာမည့် လေးလအတွင်း သီရိလင်္ကာနိုင်ငံသား ၁ ဒသမ ၇ သန်းအတွက် အခြေခံစားသောက်ကုန်များ ဝယ်ယူရန် ဒေါ်လာ ၄၇ သန်း ရရှိနိုင်ရေး ကုလသမဂ္ဂက ပန်ကြားချက်တစ်ရပ် ထုတ်ပြန်ထားသည်။

၁၉၄၈ ခုနှစ်၌ လွတ်လပ်ရေးရပြီးနောက် သီရိလင်္ကာနိုင်ငံတွင် အဆိုးဆုံးသော စီးပွားရေးအကျပ်အတည်းနှင့် ကြုံရမှုကြောင့် ဆန္ဒပြပွဲများ ပျံ့နှံ့ဖြစ်ပေါ်ခဲ့ပြီး သမ္မတ ဂေါ့တာဘာယာ ရာဂျာပက်ဆာ ရာထူးမှ ဆင်းပေးရန် တောင်းဆိုခဲ့ကြသည်။

ဂေါ့တာဘာယာက ရာထူးမှ ဆင်းပေးရန် ငြင်းဆန်ခဲ့ပြီး ၎င်း၏အကိုဖြစ်သူ မဟင်ဒါက ဝန်ကြီးချုပ်အဖြစ်မှ မေလ ၉ ရက်တွင် ဆင်းပေးခဲ့သည်။

ယင်းနောက် သမ္မတ ဂေါ့တာဘာယာသည် မဟင်ဒါ၏ နေရာကို ဆက်ခံတာဝန်ယူရန်နှင့် မကြုံစဖူးသော စီးပွားရေးအကျပ်အတည်းအောက်ကနေ နိုင်ငံကို ရုန်းထွက်စေနိုင်ရေး ကူညီဦးဆောင်နိုင်ရန် အတိုက်အခံ နိုင်ငံရေးသမား ရာနီလ် ဝစ်ခရီမက်ဆင်းဟီကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly