အိန္ဒိယနှင့် အစ္စရေးကာကွယ်ရေးဝန်ကြီးများ အဆင့်မြင့်နည်းပညာနှင့် မောင်းသူမဲ့ ယာဉ်ပျံကိစ္စရပ်များအကြောင်း ဆွေးနွေး

အိန္ဒိယနှင့် အစ္စရေးကာကွယ်ရေးဝန်ကြီးများ အဆင့်မြင့်နည်းပညာနှင့် မောင်းသူမဲ့ ယာဉ်ပျံကိစ္စရပ်များအကြောင်း ဆွေးနွေး

အိန္ဒိယနှင့် အစ္စရေးတို့၏ ကာကွယ်ရေးဝန်ကြီးအဆင့် အစည်းအဝေးကို ဇွန် ၂ ရက်က နယူးဒေလီမြို့၌ ကျင်းပခဲ့ရာတွင် မောင်းသူမဲ့စနစ် များအကြောင်းကို အဓိကထား၍ ခေတ်မီကာကွယ်ရေးနည်းပညာများ အကြောင်း ဆွေးနွေးခဲ့ကြသည်။

အနာဂတ်ကာကွယ်ရေး နည်းပညာရပ်နယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် သဘောတူစာချုပ်အား အိန္ဒိယကာကွယ်ရေးဝန်ကြီး ရာဂျနသ်ဆင်းက အစ္စရေးကာကွယ်ရေးဝန်ကြီး ဘင်ဂျမင်ဂန့်ဇ်အား အစည်းအဝေးတွင် ပေးအပ်ခဲ့သည်။

“အိန္ဒိယ-အစ္စရေး ကာကွယ်ရေးကဏ္ဍပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်၏ လက်ရှိမူဘောင်ကို ပိုမို အားကောင်းစေရန် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်” ဟု တရားဝင်ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

နှစ်နိုင်ငံနှင့် ဒေသတွင်းဆိုင်ရာ ကိစ္စရပ်များ၊ ပူးပေါင်းလုပ်ဆောင်မှုနှင့် သင်တန်းကဲ့သို့ စစ်ရေးဆိုင်ရာ လက်ရှိ လုပ်ဆောင်ချက်များကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

‌“နယ်စပ်လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးဆိုင်ရာ ကိစ္စရပ်များအပါအဝင် အိန္ဒိယနှင့် အစ္စရေးတို့အနေဖြင့် တူညီသည့် စိန်ခေါ်မှုများကို ကြုံတွေ့နေပါတယ်။ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် မိမိတို့ရဲ့ စွမ်းရည်ကို တိုးတက်စေမှာဖြစ်သလို နှစ်နိုင်ငံစလုံး၏ လုံခြုံရေးနှင့် စီးပွားရေး အကျိုးစီးပွားများ ဖြစ်ထွန်းစေမှာ ဖြစ်ပါတယ်” ဟု အစ္စရေး ကာကွယ်ရေးဝန်ကြီး ဘင်ဂျမင်ဂန့်ဇ်က ပြောကြားသည်။

နှစ်နိုင်ငံအကြား နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးရေးတိုးချဲ့မည့် အဆိုပါ သဘောတူစာချုပ်ကို အိန္ဒိယ သုတေသနနှင့် ဖွံ့ဖြိုးရေးအဖွဲ့အစည်း (DRDO) နှင့် အစ္စရေး နိုင်ငံ၏ ကာကွယ်ရေးဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးရေးဦးစီးဌာနတို့အကြား လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်း အစ္စရေးသံရုံးမှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

‌အိန္ဒိယအနေဖြင့် အစ္စရေးနှင့် စစ်ဘက်ဆိုင်ရာ နီးကပ်သည့် ဆက်ဆံရေးထူထောင်ထားရာတွင် လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်စနစ်များနှင့် အဆင့်မြင့် အီလက်ထရောနစ်စနစ်များကဲ့သို့ ပူပေါင်းစီမံကိန်းများကို ဆောင်ရွက်လျက်ရှိသည်။

‌အိန္ဒိယသို့ လက်နက်ရောင်းချသည့် ထိပ်တန်းနိုင်ငံများတွင် အစ္စရေး ပါဝင်ပြီး ဒရုန်းများ၊ ရေဒါများနှင့် လက်နက်ခဲယမ်းအများအပြားကို အိန္ဒိယနေဖြင့် အများအပြားဝယ်ယူခဲ့သည်။ အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာန၏ ‘အိန္ဒိယတွင် ပြုလုပ်သည်’ စီမံကိန်းများတွင် အစ္စရေးကုမ္ပဏီအများအပြားက ဖက်စပ်ပါဝင်လုပ်ဆောင်လျက်ရှိသည်။

ယခုနှစ်သည် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးထူထောင်သည့် နှစ် ၃၀ ပြည့်မြောက်သည့် နှစ်လည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly