စီးပွားရေးအချက်အလက်အတုများကြောင့် တရုတ်ကွန်မြူနစ်ပါတီ အကြီးအကဲဟောင်း ရာထူးမှ ထုတ်ပယ်ခံရ

စီးပွားရေးအချက်အလက်အတုများကြောင့် တရုတ်ကွန်မြူနစ်ပါတီ အကြီးအကဲဟောင်း ရာထူးမှ ထုတ်ပယ်ခံရ

တရုတ်နိုင်ငံ အရှေ့ပိုင်းကျန်းစုပြည်နယ်မှ ထိပ်တန်းအရာရှိဟောင်းတစ်ဦးကို စီးပွားရေး အချက်အလက် လုပ်ကြံဖန်တီးမှု ရှားရှားပါးပါး စွပ်စွဲချက်ဖြင့် ကွန်မြူနစ်ပါတီမှ ထုတ်ပယ်လိုက်သည်။

ကျန်းစုပြည်နယ်၏ လက်ထောက်ပါတီအကြီးအကဲဟောင်း ကျန်းကျင်းဟွားသည် ကိုယ်ကျိုးအတွက် စီးပွားရေး ဆိုင်ရာ အချက်အလက်အတုများပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာ စည်းမျဉ်းများကို ချိုးဖောက်ကာ ဈေးကွက် လှုပ်ရှားမှုများတွင် ဝင်ရောက်စွက်ဖက်ခဲ့ကြောင်း တွေ့ရှိခဲ့သည်ဟု စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ ဗဟို ကော်မရှင်က မေ ၃၁တွင် ထုတ်ပြန်ခဲ့သည်။

စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က အမှုကို အစိုးရရှေ့နေထံ လွှဲပြောင်းပေးမည်ဟု ပြောကြားခဲ့သည်။ စွပ်စွဲချက်နှင့်ပတ်သက်၍ အတိအကျမဖော်ပြထားသော်လည်း အကြီးတန်းပြည်နယ်အရာရှိများကို ယခုကဲ့သို့ စွဲချက်တင်ခြင်းမှာ ဖြစ်တောင့်ဖြစ်ခဲ့ ကိစ္စဖြစ်သည်။

ဟူပေ၊ဟူနန်နှင့် ကွေကျိုးပြည်နယ်များရှိ အောက်ခြေအရာရှိများအား ပုံသေပိုင်ဆိုင်မှုရင်းနှီးမြှုပ်နှံမှု၊ လက်လီ ရောင်းချမှုနှင့် အခြားနယ်ပယ်များတွင် အချက်အလက်အတုများဖန်တီးမှုဖြင့် အပြစ်ပေးခဲ့ကြောင်း ပြီးခဲ့သည့် သီတင်းပတ်က အမျိုးသားစာရင်းအင်းဗျူရိုက ဖော်ပြခဲ့သည်။

မကြာသေးမီနှစ်များအတွင်း ယင်းပြဿနာကို ဖိနှိပ်ပြီးနောက်တွင်ပင် အချက်အလက်အတုများ ဖန်တီးခြင်း ကိစ္စကို ဖြေရှင်းရန် တာဝန်ရှိသူများက ရုန်းကန်နေရဆဲဖြစ်ကြောင်း CCDI သတင်းစာ၏ မတ်လက ဆောင်းပါးတစ်ပုဒ်တွင် ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံတစ်ဝန်းရှိ စာရင်းအင်းအာဏာပိုင်များသည် မရိုးသားသော အချက်အလက်များကို ထုတ်ပြန်ခြင်း နှင့် စီးပွားရေးတိုးတက်မှု၊ လူဦးရေနှင့် အခြားအညွှန်းကိန်းများစွာကို လွန်ကဲစွာ ခန့်မှန်းခြင်းအတွက် ဝေဖန်ခံ နေရသည်မှာ ကြာပြီဖြစ်သည်။

လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း၊ လောင်နင်း၊ ကျီလင်း၊ ထန်ကျင်းနှင့် အတွင်းမိုဂိုလီးယား အပါအဝင် ပြည်နယ်များတွင် စီးပွားရေးစာရင်းဇယားများ ဖောင်းပွလာမှု သို့မဟုတ် ကြိုးကိုင်ခြယ်လှယ်နေကြောင်း တွေ့ရှိပြီးနောက် အချက်အလက်များကို ပြန်လည်ပြင်ဆင်ရန် ဖိအားပေးခံခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly