ရှီကျင့်ဖျင်၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကြောင့် ငွေကြေးအကျပ်အတည်းရှိနေသော ဒေသန္တရအစိုးရများ အခက်တွေ့

ရှီကျင့်ဖျင်၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကြောင့် ငွေကြေးအကျပ်အတည်းရှိနေသော ဒေသန္တရအစိုးရများ အခက်တွေ့

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ မြင့်တက်နေချိန်တွင် ရှီကျင့်ဖျင်၏ နာမည်ဆိုးဖြင့်ကျော်ကြားသော ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကြောင့် ငွေကြေးကျပ်တည်းနေသော ဒေသန္တရအစိုးရများမှာ ထိခိုက်ဆုံးရှုံးမှုများ ခံစားနေရသည်။

ဓာတ်ခွဲစမ်းသပ်ခြင်း၊ ကာကွယ်ဆေးထိုးခြင်းနှင့် ရောဂါပိုးထိန်းချုပ်ခြင်းအစီအမံများကြောင့် ပြည်သူ့ကျန်းမာရေးအသုံးစရိတ်များ မြင့်တက်လာကာ ငွေကြေးအရင်းအမြစ်များမှာ အကျပ်အတည်းဖြစ်နေသည်။

နိုင်ငံတော်နှင့် ဒေသန္တရအဆင့်များအတွက် အစိုးရ၏ ဆေးဘက်ဆိုင်ရာနှင့် ကျန်းမာရေးအသုံးစရိတ် စုစုပေါင်းမှာ ၂၀၂၂ ခုနှစ် ပထမလေးလပတ်အတွက် ယွမ် ၇၃၀ ဒသမ ၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၁၀ ဘီလီယံ) ရှိပြီး ယခင်နှစ်ထက် ၇ ဒသမ ၅ ရာခိုင်နှုန်းနှင့် ၂၀၁၉ ခုနှစ်ထက် ၂၂ ရာခိုင်နှုန်း တိုးလာကြောင်း Nikkei Asia မှ ဖော်ပြခဲ့ပြီး ယာယီဆေးရုံများ ဆောက်လုပ်ခြင်းနှင့် ကိုဗစ်-၁၉ လူနာများအား ကုသခြင်းအတွက် ကုန်ကျစရိတ်များ လည်း မြင့်တက်ခဲ့သည်ဟု ဆိုသည်။

ကိုရိုနာဗိုင်းရပ်စ်နှင့်ဆက်စပ်သော ဆေးဘက်ဆိုင်ရာကုန်ကျစရိတ်များသည် ဘဏ္ဍာရေးအားနည်းသော ဒေသန္တရာအစိုးရများအပေါ် ဖိအားဖြစ်စေခဲ့သည်ဟု Great Wall Securities အတိုင်ပင်ခံကုမ္ပဏီမှ လေ့လာသုံးသပ်သူ ကျန်းဖေး၏ ပြောကြားချက်ကို Nikkei Asia ကဖော်ပြခဲ့သည်။

ထို့အပြင် ကိုဗစ်လုံးဝကင်းစင်ရေးမဟာဗျူဟာ၏စီးပွားရေးအကျိုးသက်ရောက်မှုသည် ၀င်ငွေကိုလည်း ထိခိုက်စေခဲ့သည်။ ဘဏ္ဍာရေးဝန်ကြီးဌာန၏ အဆိုအရ စီးပွားရေးလုပ်ငန်းများကို ပံ့ပိုးရန် အဓိကရည်ရွယ်သည့် အခွန်ပြန်အမ်းမှုများကြောင့် ဧပြီလအထိ လေးလတာကာလအတွင်း ဝင်ငွေသည် ၄ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

သမ္မတရှီအနေဖြင့် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို လက်ကိုင်ထားရင်း ထိန်းချုပ်ရေးအစီအမံများနှင့် စီးပွားရေးကုစားငွေများကို ချိန်ညှိနေရသည်မှာ ခက်ခဲသောအလုပ်ဖြစ်ပေလိမ့်မည်။

ငွေကြေးကျပ်တည်းနေသော ဒေသန္တရအစိုးရအချို့သည် ဒေသခံများအား ရောဂါစမ်းသပ်ပေးရန် အိတ်စိုက်ပေးနေရသလို ရောဂါကူးစက်မှုမရှိသည့်နေရာဒေသများတွင် အဘယ့်ကြောင့် စမ်းသပ်မှုများ လိုအပ်နေသေးသနည်းဟူသော မေးခွန်းများအပါအဝင် တရုတ်လူမှုမီဒီယာတွင် စိတ်ဆိုးဒေါသထွက်နေသောမှတ်ချက်များ ထွက်ပေါ်လာခဲ့ကြောင်း Nikkei Asia ကဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required