ဟောင်ကောင်တွင် ပြုလုပ်သည့် ၃၃ နှစ်မြောက် တီအန်နန်မင်နှစ်ပတ်လည်နေ့က ၆ ဦးဖမ်းဆီးခံရ

ဟောင်ကောင်တွင် ပြုလုပ်သည့် ၃၃ နှစ်မြောက် တီအန်နန်မင်နှစ်ပတ်လည်နေ့က ၆ ဦးဖမ်းဆီးခံရ

တီအန်နန်မင်ရင်ပြင် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ၃၃ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အတွက် ခွင့်ပြုချက်မရဘဲ အခြားသူများကို စုဝေးရန် လှုံ့ဆော်မှုဖြင့် ဟောင်ကောင်တွင် လူ၆ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရသည်။

ရဲတပ်ဖွဲ့က အသက် ၁၉ နှစ်မှ ၈၀ နှစ်ကြားရှိ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁ဦးကို ဖမ်းဆီးထားကြောင်း အတည်ပြုခဲ့သည်။

တိုက်ခိုက်ရေးလက်နက်လက်ဝယ်ရှိထားသူ ၁ ဦးနှင့် အခြား ၃ ဦးမှာ အရာရှိများကို နှောင့်ယှက်ကြောင်း စွပ်စွဲ ခံထားရပြီး၊ နောက်ထပ် ၁ဦးကိုမူ ခွင့်ပြုချက်မရှိဘဲ စည်းဝေးပွဲတစ်ခုတွင် ပါဝင်ရန် အခြားသူများကို လှုံ့ဆော်ခဲ့ကြောင်း စွပ်စွဲထားသည်။

နောက်တစ်ယောက်ကို မည်သို့စွပ်စွဲခဲ့သည်ကို ရှင်းရှင်းလင်းလင်းမသိရသေးကြောင်း CNN သတင်းဌာနက ဖော်ပြ ခဲ့သည်။

အီလက်ထရွန်နစ် ဖယောင်းတိုင်များနှင့် ဖုန်းမီးများကိုင်ဆောင်ကာ အောက်မေ့ဖွယ် သီချင်းများကို တိတ်တဆိတ် သီဆို၍ ပန်းခြံနားသို့ချည်းကပ်လာသူများကို ရဲအများအပြားက မတားဆီးနိုင်ခဲ့ပေ။

'ဝိတိုရီယပန်းခြံမှာ ဒီလိုမြင်ရတာ ကြေကွဲဝမ်းနည်းစရာပဲ' ဟု နှင်းဆီ အဖြူ၊အနီရောင်ပန်းစည်းနှင့် လျှပ်စစ် ဖယောင်းတိုင်များ ကိုင်ဆောင်ထားသည့် လျှိုအမည်ရ အမျိုးသမီးတစ်ဦးက ပြောကြားခဲ့သည်။

“ဟောင်ကောင်က ရဲအုပ်ချုပ်တဲ့ဒေသအဖြစ် မြန်မြန်ကျဆင်းသွားပါပြီ” ဟု တီအန်မင်ဆန္ဒပြပွဲအတွင်း သေဆုံးသူများ၏ မိသားစုများကို ကူညီထောက်ပံ့ပေးနေသည့် Tiananmen Mothers Campaign အတွက် ကာလကြာမြင့်စွာ စေတနာ့ဝန်ထမ်းလုပ်ပေးနေသော လျှိုက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required