မန္တလေးအိုးဘိုထောင် ထောင်ဝန်ထမ်းများ ရိုက်နှက်ခြင်းကြောင့် ၁ဦးသေဆုံး၊ ၂ဦး စိုးရိမ်ဒဏ်ရာရဟုဆို

မန္တလေးအိုးဘိုထောင် ထောင်ဝန်ထမ်းများ ရိုက်နှက်ခြင်းကြောင့် ၁ဦးသေဆုံး၊ ၂ဦး စိုးရိမ်ဒဏ်ရာရဟုဆို
Photo : CJ

ဇွန်လ ၈ ရက်
မန္တလေး အိုးဘိုအကျဉ်းထောင်တွင် ထောင်ဝန်ထမ်းများ ဝိုင်းရိုက်နှက်မှုကြောင့် အမျိုးသား တစ်ဦးသေဆုံးပြီး အမျိုးသားနှစ်ဦးမှာ စိုးရိမ်ဒဏ်ရာများဖြင့် ထောင်တွင်း ဆေးရုံတွင် တိုက်ပိတ်ခံထားရကြောင်း ဒေသခံများထံက သိရသည်။

“ဝန်ထမ်းနဲ့  ၅၀၅-(က)အမျိုးသားတစ်ဦးနဲ့ စကားများကြတာ။ ထောင်ဝန်ထမ်းက စထိုးတာ ။ သူက ကျုပ်ကိုမထိုးနဲ့ ရာဇဝတ်သားမဟုတ်ဘူး ပြောတယ်။ ထောင်ဝန်ထမ်းက ရာဇဝတ်သားမဟုတ်လည်း အချုပ်သားပဲ ပြောပြီး ထပ်ထိုးတာ ။ သူကလည်း ပြန်ခံထိုးပေါ့ ။ အဲ့မှာ ဝန်ထမ်း ငါးယောက်ခြောက်ယောက်လောက်က ဝိုင်းထိုးကြတယ်။ အခန်းမှာရှိတဲ့သူတွေကလည်း ပြန်ဝိုင်းထိုးပေါ့ ။ တစ်ခြားအခန်းကလူတွေ ထွက်လာမှာစိုးလို့ အခန်းတွေသော့ခတ်ပြီး  ဝန်ထမ်းအများကြီး ထပ်ခေါ်ပြီး အခန်းထဲကရှိတဲ့လူတွေကို ရိုက်တယ် “ ဟု ပြည်ကြီးတံခွန်သပိတ်အင်အားစုမှ အရှင်အဂ္ဂဝံသ က မဇ္စျိမသတင်းဌာနကို ပြောသည်။

ဇွန်လ ၅ ရက်နေ့  မွန်းလွဲပိုင်းအချိန်က အိုးဘိုထောင်အတွင်း၌ ထောင်ဝန်ထမ်းများက ကျားအဆောင် အခန်း(၁) အတွင်း ၅၀၅ -(က)ဖြင့် အမှုရင်ဆိုင်နေရသူများကို ဝိုင်းဝန်းရိုက်နှက်ခဲ့ကြောင်းကို အိုးဘိုအထောင်နှင့် နီးစပ်သူများက အရှင်အဂ္ဂဝံသ ထံသို့ လျှောက်ထားချက်အရ သိရသည်။

အိုးဘိုထောင်ဝန်ထမ်းများ၏ ရိုက်နှက်ခံရမှုကြောင့် အမျိုးသားတစ်ဦးသေဆုံးမှုနှင့် နှစ်ဦး စိုးရိမ်ရသည့်ဒဏ်ရာရရှိ ရှိခဲ့သော်လည်း ထောင်အတွင်းဆေးရုံတွင် တိုက်ပိတ်ခံထားရပြီး ဆေးကုသပေးခြင်း ရှိ၊ မရှိကို မသိရှိရသေးပေ။

အရှင်အဂ္ဂဝံသ က “ တစ်ယောက်က သေသွားပြီလို့ကြားတယ်။ နှစ်ယောက်ကို ထောင်ဆေးရုံမှာ တိုက်ပိတ်ထားပြီး ဆေးကုပေးလား မပေးလားဆိုတာ မသိရသေးဘူး ။ ထောင်ပိုင်က ဓားနဲ့ထိုးတာလို့ ပြန်သိရတယ်။ အခန်းတစ်ခန်းမှာ ၈၀ ဝန်းကျင်လောက်ရှိတယ်။ အခုအခန်းတွေကူးလို့မရအောင်လုပ်ထားတယ်” ဟု ထပ်မံဖြေကြားသည်။

အဆိုပါဖြစ်စဥ်ဖြစ်ပွားခဲ့ပြီးနောက် အိုးဘိုထောင်ဝန်းထမ်းများက ကျားအဆောင်(၁) ရှိ အခန်း ခြောက်ခန်းကို သော့များခတ်ထားပြီး အခန်း(၁) ရှိ အမျိုးသား ၁၂ ဦးကို လက်ရှိအချိန်ထိ တိုက်ပိတ်ထားကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဒေသခံတော်လှန် ရေးအင်အားစုများကလည်း သတင်းထုတ်ပြန်ထားသည်။

“အင်အားသုံးပြီး နှိပ်စက်ကာ ၁၂ယောက်ကို တိုက်ပိတ်ပစ်တယ် ။ နှစ်ယောက်က စိုးရိမ်ရအခြေနေနဲ့ထောင်ဆေးရုံထဲမှာ တိုက်ပိတ်ထားတယ် ။ အဲ့ထဲက ကလေးတစ်ယောက်ကို ထောင်ပိုင်ကဓားနဲ့ ထိုးလိုက်တယ်။ ပြီးတော့ “ငါ့အကြောင်းကောင်းကောင်းသိကို သိစေရမယ်” ဆိုပီးကြိမ်းပါတယ်” ဟုအဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ယနေ့တွင် ပြည်ကြီးတံခွန် သပိတ်အင်အားစု(မန္တလေး) ကထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required