ရာဇဝတ်မှုတွေ နေ့တိုင်းလိုလို ကြားနေကြရ မြင်နေကြရတယ်

ရာဇဝတ်မှုတွေ နေ့တိုင်းလိုလို ကြားနေကြရ မြင်နေကြရတယ်

မိမိတို့နိုင်ငံ နယ်စပ်ဒေသ အထူးသဖြင့် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့နဲ့ ဆက်စပ်နေတဲ့ နယ်စပ်ဒေသများမှာ နေထိုင်ကြသူတွေထဲဟာ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေထိုင်ကြတဲ့ သူတွေ ဖြစ်ပါတယ်။ ဥပမာ ထိုင်း-မြန်မာနယ်စပ်က မြဝတီမြို့ဆိုလျှင် ဒေသခံလူက နည်းပြီး မနေ့တနေ့ကမှ ရောက်လာနေထိုင်သူ အရေအတွက်က များပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ရောက်လာနေထိုင်ကြသူများပီပီ တချို့ဆိုလျှင် ပြည်တွင်းမှာ ကျူးလွန်ထားသည့် ပြစ်မှုများနဲ့ လွတ်ကင်းဖို့ ခေတ္တခိုအောင်းရာနေရာအဖြစ် လာရောက်နေထိုင်ကြသူများလည်း အများအပြား ရှိပါတယ်။

ဥပမာအနေနဲ့ ပြောရရင် ဒီကနေ့ထုတ်ဝေတဲ့ နေ့စဉ်သတင်းစာတစ်စောင်မှာ လားရှိုးမြို့မှာ ၂၀၁၄ ခုနဲ့ ၂၀၁၅ ခုနှစ်အတွင်း လူကုန်ကူးသူ တရားခံပြေး ၈၁ ဦးကို ဖမ်းဆီးရမိခြင်း မရှိသေးဘူးဆိုတဲ့ သတင်းကို ကြည့်ရင် နယ်စပ်ဒေသနဲ့နီးတဲ့ နေရာတွေမှာ ဥပဒေနဲ့ငြိစွန်းလို့ ထွက်ပြေးတိမ်းရှောင်သူ တွေရဲ့ ခိုအောင်းနေထိုင်လို့ ရနိုင်တယ်ဆိုတာ တွေ့ကြရမှာ ဖြစ်ပါတယ်။

နောက်ထပ် ပြဿနာကတော့ ထိုင်း-မြန်မာနယ်စပ်ဒေသ အခြေအနေ ဖြစ်ပါတယ်။ မြဝတီမြို့မှာဆိုရင် မနက် ခြောက်နာရီထိုးလောက်ကစပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့ဆီ အလုပ်သွားလုပ်ကြတဲ့ အလုပ်သမားတွေဟာ လိုင်းကားတွေ စီးလို့တဖုံ၊ ဆိုင်ကယ်ကိုယ်စီတသွယ်၊ စက်ဘီကိုယ်စီ စီးလို့တနည်း မဲဆောက်မြို့ဆီ ရောက်လာကြပါတယ်။ ဒီအထဲမှာ ခန့်မှန်းခြေ ငါးဆယ်ရာခိုင်နှုန်း လောက်ကသာ စက်ရုံအလုပ်ရုံနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အလုပ်လုပ်ဖို့ ရောက်လာကြသူများ ဖြစ်ပြီး ကျန်သူများကတော့ တောင်းရမ်းစားသောက်သူများ၊ ဥပဒေနဲ့ မလွတ်ကင်းတဲ့အလုပ် လုပ်ကြသူများ ဖြစ်ကြပါတယ်။ ဒီအထဲမှာ လူကုန်ကူးမှု လုပ်ငန်းလုပ်တဲ့သူတွေလည်း ပါလာမြဲပါပဲ။

ထိုင်းနိုင်ငံထဲ မြန်မာနိုင်ငံသားတွေ ခိုးသွင်းတာ၊ တစ်ခါ ထိုင်းနိုင်ငံအတွင်းပိုင်းက မြို့တွေဆီ ခေါ်ဆောင်သွားကြတဲ့ အလုပ်ဟူသမျှဟာ ရာနှုန်းပြည့်နီးပါး ဥပဒေနဲ့ငြိစွန်းတဲ့ အလုပ်တွေချည်းပါပဲ။ တကယ်တော့ ဒီအလုပ်တွေဟာ ထိုင်းနိုင်ငံသားတွေနဲ့ ပူးတွဲမလုပ်ကိုင်ပဲနေလို့ မရတဲ့အလုပ်တွေ ဖြစ်သော်ငြားလည်းပဲ ထိုင်းနိုင်ငံထဲ အမှုအခင်းဖြစ်တဲ့အခါ မိမိတို့နိုင်ငံသားတွေပဲ ပြစ်ဒဏ်ကျခံရလေ့ ရှိပါတယ်။ ဒီလိုလူတွေထဲမှာ လူကုန်ကူးတဲ့အလုပ်မှရယ်လို့ မဟုတ်ပါဘူး၊ ပစ္စည်းလုသူ၊ ပစ္စည်းခိုးသူ၊ တောင်းရမ်းစားသောက်သူများအဆုံး မဲဆောက်မြို့ထဲ သွားလာနေကြပါတယ်။ ဒီကြားထဲ ရဟန်းဝတ်၊ သီလရှင်ဝတ်သူလည်း ပါလာပါတယ်။ ယခင်က လူစည်ကားရာ ဈေးလိုနေရာတွေမှာသာ တောင်းရမ်းသူတွေကို တွေ့ရပေမယ့် အခုတော့ ရပ်ကွက် လမ်းကြိုလမ်းကြားတွေထဲအထိ များပြားလာနေတာ တွေ့ကြရပါတယ်။

ဒီလိုအနေအထားတွေကြားမှာ လသားအရွယ် ကလေးငယ်တွေကအစ ရပ်ကွက်တွေထဲ လိုက်ရောင်းနေကြတဲ့ ရသလောက်နဲ့ မွေးစားဖို့ လိုက်ပြောနေကြတဲ့သူများကိုလည်း တွေ့ရတတ်ပါတယ်။ မဲဆောက်မြို့က ဒေါက်တာစင်သီယာဆေးရုံမှာနဲ့ မဲဆောက် အစိုးရဆေးရုံကြီးမှာ ကလေးမွေးပြီး မွေးတဲ့ကလေးကို သည်အတိုင်း ပစ်ထားပြီး ထွက်ပြေးကြတဲ့ မိခင်များကိုလည်း တွေ့ရ ကြားရတတ်ပါတယ်။ ပိုပြီးဆိုးရွားတဲ့ အခြေအနေက ထိုင်းနိုင်ငံထဲမှာပဲ ဖြစ်ဖြစ် ကိုယ့်နိိုင်ငံထဲမှာပဲဖြစ်ဖြစ် တော်ရုံတန်ရုံရာဇဝတ်မှု ကျူးလွန်ပြီးတယ်ဆိုရင် နယ်စပ်ဖြတ်ကျော် ထွက်ပြေးလို့ရနေတဲ့ အခြေအနေမျိုးကလည်း ရှိနေပါသေးတယ်။ ထိုင်း-မြန်မာ နှစ်နိိုင်ငံ ပူးတွဲဆောင်ရွက်မှုတွေကလည်း ထိရောက်မှု မရှိသလောက်ပါပဲ။

အခုဆိုရင် တိုင်းပြည်နေရာအနှံံ့ လူအုပ်စုလိုက် ရိုက်နှက်သတ်ဖြတ်ကြတာတွေ၊ ရပ်ကွက်တွေထဲ လူမိုက်များ မင်းမူဆိုးသွမ်းကြတာတွေဆိုတာလည်း မကြားရတဲ့ရက် မရှိသလောက် ဖြစ်လာနေပါတယ်။ ရန်ကုန်မြို့မှာဆိုရင် အဓမ္မရန်ပြု လုယက်ကြသူတွေ၊ အကြံအဖန်လုပ်ပြီး စီးပွားရှိသူတွေရဲ့သတင်းတွေကလည်း ဆထက်ထမ်းပိုးတိုးလို့သာ ကြားနေကြရပါတယ်။

ဒါတွေကို အရင်းစစ်တဲ့အခါ မိမိတို့ပြည်သူများ စီးပွားရေးချွတ်ခြုံကျမှု၊ အသိပညာ နည်းပါးလာမှု၊ ပညာအဆင့်အတန်း နိမ့်ကျလာနေမှုကြီးရဲ့ ကွင်းဆက်ပြဿနာများပဲဖြစ်ပါတယ်။   နှစ်ပေါင်းဆယ်စု ခြောက်ခုမက ကြာမြင့်လာပြီဖြစ်တဲ့ မိမိတို့နိုင်ငံရဲ့ စီးပွားရေး၊ ပညာရေး၊ နိုင်ငံရေး အခြေအနေများ နိမ့်ဆင်းသွားမှုရဲ့ ကွင်းဆက်များပဲဖြစ်ပါတယ်။

ဒါကြောင့်မို့ ဒီလို လူတွေ ကိုယ့်ကျင့်တရား ပျက်ပြားပြီး သမာအာဇီဝလုပ်ငန်းနဲ့ လုပ်ကိုင် စားသောက်ဖို့ထက် ရာဇတ်မှုတွေ ကျုးလွန်ရတဲ့ အခြေအနေဆိုးတွေ ရပ်တန့်သွားဖို့နဲ့ တဖြေးဖြေး   လျှော့နည်းသွားဖို့ဆိုရင် တိုင်းပြည်ရဲ့ စီးပွားရေး၊ ပညာရေး လုပ်ငန်းများ မှန်ကန်တိုးတက်မှသာ ဖြစ်နိုင်ကြောင်း တင်ပြလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly