ပါကစ္စတန်တာလီဘန်အဖွဲ့နှင့် အစိုးရအကြား အကန့်အသတ်မရှိ အပစ်ရပ်ရေး သဘောတူ

ပါကစ္စတန်တာလီဘန်အဖွဲ့နှင့် အစိုးရအကြား အကန့်အသတ်မရှိ အပစ်ရပ်ရေး သဘောတူ

ပါကစ္စတန်အစိုးရနှင့် ပါကစ္စတန်တာလီဘန် Tehreek-i-Taliban Pakistan (TTP) အဖွဲ့တို့အကြား အပစ်အခတ်ရပ်စဲမှုကို အကန့်အသတ်မရှိ သက်တမ်းတိုးရေး သဘောတူညီချက် ရရှိခဲ့သလို မျိုးနွယ်စု နယ်စပ်ဒေသ၌ ဆယ်စုနှစ် နှစ်စုနီးပါးကြာ စစ်သွေးကြွလှုပ်ရှားမှုကို အဆုံးသတ်စေရေး ဆက်လက် ညှိနှိုင်းဆွေးနွေးသွားရန် သဘောတူခဲ့ကြသည်။

သက်တမ်းကုန်ဆုံးရန် ရှိခဲ့သည့် အပစ်ရပ်စဲမှုကို မေလ ၃၀ ရက် ညပိုင်းက သက်တမ်းတိုးချဲ့နိုင်ခဲ့ခြင်းသည် အာဖဂန်နစ္စတန် မြို့တော် ကဘူးလ်၌ နှစ်ဖက်အကြား ဆွေးနွေးမှုများအတွင်း သိသာထင်ရှားသည့် တိုးတက်မှု ရထားခဲ့သည်ဟု ညွှန်ပြနေကြောင်း ယင်းကိစ္စကို သိရှိသည့် သတင်းရင်းမြစ်များက ပြောသည်။

နှစ်ဖက်စလုံးသည် အပစ်ရပ်စဲမှုကို သက်တမ်းတိုးရန်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ဆက်လုပ်ရန် သဘောတူခဲ့ကြသည်ဟု သတင်းရင်းမြစ်များက Dawn သတင်းဌာနကို ပြောသည်။ ပါကစ္စတန်အစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် TTP အဖွဲ့တို့သည် ယင်းမတိုင်မီ အစောပိုင်းတစ်ရက်က အာဖဂန်နစ္စတန် တာလီဘန်အစိုးရ၏ ခေတ္တဝန်ကြီးချုပ် မူလာ မိုဟာမက် ဟက်ဆန် အက်ခွန်းနှင့် သီးခြားစီ တွေ့ဆုံခဲ့သည်ဟု သတင်းရင်းမြစ်များက ပြောသည်။

ဆွေးနွေးမှုများနှင့် အပစ်ရပ်စဲမှုကို နောက်ဆုံးရက် သတ်မှတ်ခြင်း မရှိဘဲ ဆက်ရှိနေခွင့်ပြုသင့်ကြောင်း အပြောအဆို သိမ်မွေ့ညင်သာသော တာလီဘန်ခေါင်းဆောင်က အဖွဲ့နှစ်ဖွဲ့စလုံးနှင့် တွေ့ဆုံစဉ် ပြောခဲ့သည်ဟု သတင်းရင်းမြစ်များက ပြောသည်။

နောက်ပိုင်း ပူးတွဲအစည်းအဝေးတစ်ခု၌ ပါကစ္စတန်အစိုးရနှင့် TTP တို့သည် ပါကစ္စတန်၏ မျိုးနွယ်စုဒေသ အပါအဝင် အဓိကအားဖြင့် နိုင်ငံတွင် လူထောင်ချီကို သေဆုံးစေခဲ့သည့်၊ လူအများအပြားကို နေရပ်စွန့်ခွာ ရစေခဲ့သည့် ပဋိပက္ခကို အဆုံးသတ်စေရေး ညှိနှိုင်းဆွေးနွေးမှုများ ဆက်လုပ်ရန်နှင့် အပစ်ရပ်စဲမှုကို အကန့်အသတ်မရှိ သက်တမ်းတိုးရန် သဘောတူခဲ့ကြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly