ယူကရိန်း၌ တိုက်လေယာဉ် ပစ်ချခံရပြီး သေဆုံးသွားသည့် ရုရှစစ်ဗိုလ်ချုပ်၏ နောက်ဆုံး ပျံသန်းမှု ဗီဒီယို ထွက်ပေါ်လာ

ယူကရိန်း၌ တိုက်လေယာဉ် ပစ်ချခံရပြီး သေဆုံးသွားသည့် ရုရှစစ်ဗိုလ်ချုပ်၏ နောက်ဆုံး ပျံသန်းမှု ဗီဒီယို ထွက်ပေါ်လာ

ဇွန် ၅

ယူကရိန်း၌ ရုရှ၏ SU-25 တိုက်လေယာဉ်တစ်စင်း ပစ်ချခံရပြီး သေဆုံးသွားခဲ့သည့် အသက် ၆၃ နှစ်ရှိ ရုရှစစ်ဗိုလ်ချုပ်တစ်ဦး၏ နောက်ဆုံး အခိုက်အတန့် ဗီဒီယိုတစ်ခု ဇွန်လ ၄ ရက်တွင် ထွက်ပေါ်လာခဲ့သည်။

ရုရှ ဗိုလ်ချုပ် ကန်နာမက် ဘိုတာရှက်ဗ်သည် ဒွန်ဘတ်စ်ဒေသ၌ လေယာဉ်နှစ်စင်းပါ အနိမ့်ပျံသန်းမှုတစ်ခုတွင် ပါဝင်ခဲ့ချိန် ၎င်းမောင်းနှင်သည့် စတာလင်ပေါင် ၉ သန်းတန် လေယာဉ်သည် မြေပြင်မှ ဝေဟစ်ပစ် ဒုံးကျည်တစ်စင်း ထိမှန်သွားခဲ့ခြင်း ဖြစ်သည်ဟု ရုရှ သတင်းစာ Kommersant တွင် ဖော်ပြသည့် ၎င်း၏ နာရေးသတင်းတစ်ပုဒ်အရ သိရသည်။

ဘိုတာရှက်ဗ်သည် ပြီးခဲ့သည့် မေလကုန်ပိုင်းက တိုက်လေယာဉ် မောင်းပြီး ယူကရိန်းစစ်မြေပြင်၌ အဝိုင်းခံထားရသည့် ရုရှ မြေပြင်တပ်ဖွဲ့ကို ကူညီရန် ကြိုးပမ်းခဲ့ချိန် ပစ်ချခံခဲ့ရခြင်း ဖြစ်သည်။

၎င်းသည် ယူကရိန်း၌ အနိမ့်ပျံသန်းနေခဲ့စဉ် ပစ်ချခံခဲ့ရခြင်းဖြစ်ပြီး လေယာဉ် ပျက်မကျမီ အချိန်မီ ခုန်ထွက်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။

ရုရှဗိုလ်ချုပ် ဘိုတာရှက်ဗ်သည် ယူကရိန်း၌ သေဆုံးခဲ့သည့် အဆင့်အမြင့်ဆုံး လေတပ်အရာရှိကြီး ဖြစ်သည်ဟု ယုံကြည်ရသည်။ ရုရှတပ်များသည် ယူကရိန်း တိုက်ပွဲ၌ အနည်းဆုံး စစ်ဗိုလ်ချုပ် ကိုးဦးအထိ ဆုံးရှုံးထားခဲ့ရပြီ ဖြစ်သည်။

ဘိုတာရှက်ဗ်၏ နာရေးသတင်း ရုရှ မီဒီယာများတွင် ပေါ်ထွက်လာခဲ့ပြီးနောက် ၎င်း၏ နောက်ဆုံး ပျံသန်းမှု ဗီဒီယိုကို စစ်ဘက်ဆိုင်ရာ အကဲခတ် ရော့ဘ်လီး က ခွဲခြားဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။

အသက် ၆၃ နှစ်ရှိ ဘိုတာရှက်ဗ်သည် မူလက အငြိမ်းစားယူထားခဲ့သူ ဖြစ်ပြီး ယင်းနောက် ရှေ့တန်းတာဝန်များကို တစ်ကျော့ပြန် ထမ်းဆောင်ခဲ့သူဖြစ်သည်။

ရုရှစစ်တပ်မှ ပိုင်းလော့ ၃၁ ဦးထက်မနည်း ယူကရိန်းတွင် အသက်ဆုံးရှုံးထားခဲ့ရပြီး ဖြစ်သည်ဟု သိရသည်။ သို့သော် အမှန်တကယ် ကိန်းဂဏန်းများက ယင်းထက် ပိုမို မြင့်မားနေနိုင်သည်။

ဘိုတာရှက်ဗ်ကို ၁၉၅၉ ခုနှစ်က Karachay-Cherkessia ဒေသတွင် မွေးဖွားခဲ့ပြီး Yeysk အဆင့်မြင့် စစ်တပ် လေကြောင်း အင်စတီကျု့ကနေ ဘွဲ့ရကာ တိုက်လေယာဉ် မောင်းသူတစ်ဦး ဖြစ်လာခဲ့သည်။

၎င်းသည် တာဝန်ထမ်းရင်း မသေဆုံးခင်အထိ ဗိုလ်အဆင့်မှ ဗိုလ်ချုပ်အဆင့်အထိ ရာထူးအဆင့်ဆင့် တက်ခဲ့သူ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ယူကရိန်းအပေါ် ရုရှကျူးကျော်စစ်ဆင်နွှဲမှု ရက် ၁၀၀ မြောက်တွင် အကြမ်းဖက်မှု ချက်ချင်း ရပ်စဲရေး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဇွန်လ ၃ ရက်တွင် ထပ်လောင်း တောင်းဆိုသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly