စစ်ကောင်စီက သေဒဏ်ချမှတ်လိုက်သည့် “ဝ”လူငယ်အတွက် "ဝ"အမည်နာမခံယူထားသည့် အဖွဲ့အစည်းများက ဖြေရှင်းပေးကြရန် တောင်းဆို

စစ်ကောင်စီက သေဒဏ်ချမှတ်လိုက်သည့် “ဝ”လူငယ်အတွက် "ဝ"အမည်နာမခံယူထားသည့် အဖွဲ့အစည်းများက ဖြေရှင်းပေးကြရန် တောင်းဆို

ဇွန် ၄

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ တာချီလိတ်ခရိုင်တရားရုံးက သေဒဏ်ချမှတ်လိုက်သည့် "ဝ"လူငယ်ကိစ္စအပေါ် "ဝ"အမည်နာမ ခံယူထားသည့် အဖွဲ့အစည်းများအနေဖြင့် မဆိုင်သလိုမနေဘဲ ပါဝင်ဖြေရှင်းပေးရန် တိုးတက်သော"ဝ"လူငယ်ကွန်ရက် (Progressive Wa Youth Network(PWYN)) က ဇွန်လ ၃ရက်နေ့တွင် ထုတ်ပြန်တောင်းဆိုထားသည်။

တာချီလိတ်မြို့တွင် ဖေဖော်ဝါရီလ ၁ ရက်က ပြုလုပ်ခဲ့သည့် အာဏာသိမ်းစစ်ကောင်စီ ထောက်ခံပွဲ၌ လက်ပစ်ဗုံးပေါက်ကွဲမှု ဖြစ်ပွါးခဲ့ရာ စစ်ကောင်စီထောက်ခံသူ လေးဦး သေဆုံးပြီး ၃၄ ဦး ထိခိုက်ဒဏ်ရာရကြောင်း စစ်ကောင်စီက ဆိုထားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ "ဝ"လူငယ် အိုက်ဆိုင်မိန်းကို ဖေဖော်ဝါရီလ ၂ ရက်၌ စွပ်စွဲဖမ်းဆီးကာ ၎င်းပြုလုပ်ခဲ့ခြင်းမဟုတ်သော်လည်း ကျူးလွန်ခဲ့သည်ဟု ထွက်ဆိုလာစေရန် စရဖက သေလုမျောပါး ရိုက်နှက်နှိပ်စက်ခဲ့သည်ဟု PWYN ၏ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

အိုက်ဆိုင်မိန်းကို တာချီလိတ်ခရိုင် တရားရုံးက ဇွန်လ ၁ရက်၌ ရာဇဝတ်မှု ဥပဒေ ပုဒ်မ ၃၆၈ အရ ကြိုးပေးမိန့် ချမှတ်လိုက်ကြောင်း သိရသည်။

ထို့ကြောင့် ၎င်းတို့အနေဖြင့် အလွန်အံ့ဩတုန်လှုပ်မိကြောင်းနှင့် သေဒဏ်အား လုံးဝ(လုံးဝ)လက်မခံဘဲ အပြည့်အဝဆန့်ကျင်ကြောင်း PWYN က အသိပေးထားသည်။

အပြစ်မဲ့"ဝ"လူငယ်တစ်ဦးအား ယခုကဲ့သို့ စွပ်စွဲဖမ်းဆီးရိုက်နှက်ခဲ့ကာ သေဒဏ်ကျခံရမည့်အရေးကို "ဝ" ဟူသော အမည်နာမခံယူထားသည့် အဖွဲ့အစည်းများအနေဖြင့် မသက်ဆိုင်သကဲ့သို့ မနေဘဲ ပါဝင်ဖြေရှင်းပေးကြရန် တောင်းဆိုကြောင်း ယင်းထုတ်ပြန်ချက်၌ ပါရှိသည်။

“ဝ”လူငယ် သေဒဏ်ချမှတ်ခံရခြင်းနှင့် ပတ်သက်ပြီး “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) မှ ပြင်ပဆက်ဆံရေးဌာန၊ လားရှိုးမြို့ ဆက်ဆံရေးတာဝန်ခံ ဦးညီရန်းက”အဲဒီကိစ္စတွေနဲ့ပတ်သက်ပြီး ဘာမှမှတ်ချက်မပေးလိုပါဘူး” ဟု မဇ္ဈိမသို့ ပြောသည်။

#ရှမ်းပြည်နယ်

#တချီလိတ်မြို့

#”၀”လူငယ်

#စစ်ကောင်စီ

#သေဒဏ်ချမှတ်

#ProgressiveWaYouthNetwork(PWYN)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly