တရုတ်က လုံခြုံရေးနှင့်စီးပွားရေးသဘောတူစာချုပ်များ ချုပ်ဆိုရန် ပစိဖိတ်ကျွန်းနိုင်ငံများကို မဖျောင်းဖျနိုင်ခဲ့

တရုတ်က လုံခြုံရေးနှင့်စီးပွားရေးသဘောတူစာချုပ်များ ချုပ်ဆိုရန် ပစိဖိတ်ကျွန်းနိုင်ငံများကို မဖျောင်းဖျနိုင်ခဲ့

တရုတ်၏ အဆိုပြုချက်သည် ဒေသတွင်းတည်ငြိမ်ရေးကို ခြိမ်းခြောက်လာမည်ကို စိုးရိမ်နေကြသည့်အချိန်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် လုံခြုံရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးရန် ပစိဖိတ်ကျွန်းစုနိုင်ငံများအား မဖျောင်းနိုင်ခဲ့ပေ။

တရုတ်နိုင်ငံခြားရေးဝန်ကြီးသည် ပါပူဝါနယူးဂီနီ၊ တွန်ဂါနှင့် ဆာမိုအာ အပါအဝင် 'တရုတ်-ပစိဖိတ်ကျွန်းနိုင်ငံများ ဘုံဖွံ့ဖြိုးတိုးတက်ရေး မျှော်မှန်းချက်' ဟူသော အဆိုပြုချက်ကို လက်ခံစေရေးအတွက် ပစိဖိတ်ကျွန်းနိုင်ငံ ၁၀ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများကို အယုံသွင်းရန် ဖီဂျီသို့ လူကိုယ်တိုင်သွားရောက်ခဲ့သော်လည်း သဘောတူညီမှု မရခဲ့ကြောင်း Global Strat View က ဖော်ပြသည်။

တရုတ်နိုင်ငံ၏ အဆိုပြုချက်နှင့် ပတ်သက်၍ နိုင်ငံအချို့က စိုးရိမ်ကြောင်း ဖော်ပြခဲ့ကြသည်။ ဖီဂျီ၏ ဝန်ကြီးချုပ် ဖရန့် ဘိုင်နီမာရာမာက အများဆန္ဒခံယူရန် မလွယ်ကူကြောင်း မီဒီယာများကို ပြောကြားခဲ့သည်။

မက်ခရိုနီးရှားသမ္မတလည်း “ကျွန်တော်တို့ ဘဝတစ်လျှောက်လုံး ပစိဖိတ်ဒေသမှာ ဒါဟာ အသိသာဆုံး အပြောင်းအလဲရှိတဲ့ တစ်ခုတည်းသော အဆိုပြုချက်တစ်ခုဖြစ်ပြီး စစ်အေးခေတ်အဖြစ်နိုင်ဆုံးနဲ့ အဆိုးဆုံး ကမ္ဘာစစ် ဖြစ်ဖို့ ခြိမ်းခြောက်မှုတွေရှိနေတယ်” ဟု သဘောတူညီချက်အပေါ် စိုးရိမ်ကြောင်း ပြောဆိုခဲ့သည်။

ဝမ်ယိကလည်း အရမ်းမစိုးရိမ်ကြရန်နှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်ကို ပိုမိုပုံဖော်လာစေရန် နက်နက်နဲနဲ ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု ဆိုသည်။ “နိုင်ငံ ၁၀ နိုင်ငံက ယေယုယျအားဖြင့်တော့ ထောက်ခံကြပါတယ်။ ဒါပေမယ့် တချို့ကိစ္စရပ်တွေအပေါ်
စိုးရိမ်မှုအချို့ရှိနေတယ်။ သဘောတူညီချက် ရောက်တဲ့အထိ ဒီအဆိုပြုစာတမ်း ၂ စောင်ကို ဆွေးနွေးဖို့ သဘောတူ ထားကြပါတယ်” ဟု ဖီဂျီသံတမန် ချန်ဘိုကပြောသည်။

ပစိဖိတ်ကျွန်းနိုင်ငံများ လက်ခံယုံကြည်လာစေရန် တရုတ်သမ္မတရှီကျင့်ဖျင်က အစိုးရခေါင်းဆောင်များထံ ကိုယ်တိုင် စာရေးသားခဲ့ပြီး ၎င်းစာကို နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၌ ဖတ်ကြားခဲ့သည်။

မကြာသေးမီနှစ်များအတွင်း တရုတ်နှင့် ပစိဖိတ်ကျွန်းစုနိုင်ငံများအကြား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးတွင် အပြန်အလှန်လေးစားမှုနှင့် ဘုံဖွံ့ဖြိုးတိုးတက်မှုတို့ကို ဖော်ဆောင်ခဲ့ကြောင်းနှင့် နှစ်နိုင်ငံဆက်ဆံရေးသည် တည်ငြိမ်တိုးတက်ပြီး ရလဒ်ကောင်းများ ဖြစ်ထွန်းစေကာ တောင်ပိုင်းအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုအတွက် စံနမူနာကောင်းတစ်ခုဖြစ်ကြောင်း သမ္မတရှီက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly