တရုတ်ခရီးစဉ်အပြီးတွင် ကုလလူ့အခွင့်အရေးအကြီးအကဲ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရ

တရုတ်ခရီးစဉ်အပြီးတွင် ကုလလူ့အခွင့်အရေးအကြီးအကဲ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရ

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးမီချဲလ်ဘက်ချလက်က တရုတ်နိုင်ငံသို့ ၆ ရက် သွားရောက်ခဲ့သည့် ခရီးစဉ်သည် စုံစမ်းစစ်ဆေးမှုမဟုတ်ဘဲ အစိုးရအရာရှိများနှင့် ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း ပြောဆိုပြီးနောက် ဝေဖန်မှုများစွာနှင့် ရင်ဆိုင်နေရသည်။

ရှင်ကျန်းပြည်နယ်ရှိ သူမသွားရောက်ခဲ့သော တစ်ခုတည်းသော အကျဉ်းထောင်မှာ နိုင်ငံရေးပြစ်မှုများဖြင့် ပြစ်ဒဏ်ကျခံနေရသော ဝီဂါလူမျိုးရှိသည့် အကျဉ်းထောင်မဟုတ်ကြောင်း ကုလသမဂ္ဂအခွင့်အရေးအကြီးအကဲက ၀န်ခံခဲ့သည်။

“ကုလလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးဟာ လူမျိုးတုံးသတ်ဖြတ်မှုအတွက် အစိုးရကို ပြစ်တင်ရှုတ်ချဖို့တောင် မစွမ်းဆောင်နိုင်ဘဲ တရုတ်နိုင်ငံနဲ့ အရှေ့တာကစ္စတန်ကို သွားရောက်ခဲ့တာဟာ ကဲ့ရဲ့ပြစ်တင်ချင်စရာ ကောင်း ပါတယ်။ သူမရဲ့ လုပ်ပိုင်ခွင့်ကို မလုပ်ပြနိုင်ခဲ့ဘူး။ ဝီဂါအသိုက်အဝန်းဟာ ခါတိုင်းထက် တာဝန်ယူမှုနဲ့ ထိုက်တန် ပါတယ်” ဟု ဝီဂါကွန်ဂရက်ဥက္ကဋ္ဌ ဒေါ်လ်ကန်အီဆာက ပြောကြားခဲ့သည်။

ကိုဗစ်ကန့်သတ်ချက်များနှင့် ထိန်းသိမ်းရေးစခန်းများသို့ ဟန်ပြသွားရောက်ခြင်းကို အစီအစဉ်တကျ လုပ်ဆောင်ထားမှုနှင့်စပ်လျဉ်း၍ စိုးရိမ်ကြောင်းလည်း နိုင်ငံတကာပါလီမန်များဆိုင်ရာ မဟာမိတ်အဖွဲ့ (IPAC) က ပြောခဲ့သည်။

“နိုင်ငံတကာလူ့အခွင့်အရေးဥပဒေအောက်မှာ တရုတ်နိုင်ငံက သူ့ရဲ့ဝတ္တရားတွေကို ကျေပွန်အောင် ထမ်းဆောင်စေဖို့ ရှုထောင့်နဲ့ ဒီခရီးစဉ်ဟာ တရုတ်အကြီးတန်းခေါင်းဆောင်တွေနဲ့ လူ့အခွင့်အရေး ဆိုင်ရာကိစ္စရပ်တွေကို တိုက်ရိုက်ဆွေးနွေးဖို့၊ အပြန်အလှန်နားထောင်ဖို့၊ စိုးရိမ်ပေးဖို့နဲ့ အနာဂတ်မှာ ပုံမှန်ဖြစ်ပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ အပြန်အလှန်ဆက်ဆံမှုတွေအတွက် ရှာဖွေလမ်းခင်းဖို့ အခွင့်အရေးတစ်ခုပါပဲ” ဟု ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံခရီးစဉ်မတိုင်မီတွင် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) နှင့် အခြားအဖွဲ့ ၅၉ ဖွဲ့က ခရီးစဉ်အား တရုတ်အစိုးရကြိုးကိုင်ခြင်းမှ ကာကွယ်ရန် လုပ်ဆောင်သင့်ကြောင်း ဘက်ချလက်အား တိုက်တွန်းခဲ့ကြသည်။

တရုတ်အစိုးရကွန်မြူနစ်ပါတီသည် ရှင်ကျန်းရှိ ဝီဂါနှင့် တခြားတိုင်းရင်းသားလူနည်းစုအပေါ် အစုလိုက် အပြုံလိုက် ထိန်းသိမ်းခြင်း၊ နှိပ်စက်ခြင်း၊ ယဉ်ကျေးမှုဆိုင်ရာ ညှင်းပန်းနှိပ်စက်ခြင်းများကို ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျ ကျူးလွန်ထားပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်သောရာဇဝတ်မှုမြောက်ကြောင်း လူ့အခွင့်အရေး အဖွဲ့ဒါဇင်ပေါင်းများစွာက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly