မြေမြှုပ်မိုင်းတွေ အမြန်ရှင်းလင်းပေးပါ

မြေမြှုပ်မိုင်းတွေ အမြန်ရှင်းလင်းပေးပါ

မြန်မာနိုင်ငံရဲ့ မြို့နယ် ၄၅ ခုအတွင်းမှာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုတပ်များက မြှုပ်နှံထားရှိတဲ့ မြေမြှုပ်မိုင်းများရဲ့အန္တရာယ်ကို ဒေသခံပြည်သူ ၅ သန်းခန့် ခံစားနေကြရကြောင်း သိရှိရပါတယ်။
ဒီမြေမြှုပ်မိုင်းတွေဟာ အစိုးရနဲ့ တိုင်းရင်သားလက်နက်ကိုင် တပ်အသီးသီးက စစ်ရေး အကြောင်းပြချက်နဲ့ မြှုပ်နှံထားခဲ့ကြတဲ့ မြေမြှုပ်မိုင်းများ ဖြစ်ပါတယ်။ ဒီမြေမြှုပ်မိုင်းများ ရှိနေတဲ့ တိုင်းနဲ့ပြည်နယ်တွေ ကတော့ မွန်၊ ကချင်၊ ကရင်၊ ကယား၊ တနသာၤရီ ဒေသများဖြစ်ပါတယ်။

အခုဆိုရင် လက်ရှိအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့တို့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်(NCA) အောင်မြင်စွာ ချုပ်ဆိုထားကြပြီးဖြစ်ပါတယ်။ ဒီလိုချုပ်ဆိုထားပြီးဖြစ်တာမို့ အဲဒီ စာချုပ်ချုပ်ဆိုထားပြီးဖြစ်တဲ့ လက်နက်ကိုင်အဖွဲ့များ အခြေစိုက်ရာဒေသတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ အလျင်အမြန် ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။

အဲဒီ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေထဲမှာ မြေမြှုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းဟာ ပထမဦးစားပေး လုပ်ရမယ့် လုပ်ငန်းဖြစ်ပါတယ်။ စစ်ဖြစ်ရာဒေသတွေမှာ မြေမြှုပ်မိုင်း ရှင်းလင်းရေးအလုပ်ကို စနစ် တကျနဲ့အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့ အဲဒီ အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုပြီးနောက်ပိုင်း မိုင်းရှင်းလင်းရေးမူကြမ်း တစ်ခုကို ရေးဆွဲခဲ့ပြီး ဖြစ်ပါတယ်။ ဒီမူကြမ်းကို နိုင်ငံတကာ မိုင်းသုတေသန ပညာရှင်များ၊ ပြည်တွင်း ပြည်ပ ပညာရှင် ၄၀ ကျော်နဲ့ ခြောက်လအချိန်ယူ ရေးဆွဲခဲ့ကြတာပါ။ ဒီမူကြမ်းကို အစိုးရ၊ တပ်မတော်နဲ့ သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းများ သဘောတူညီချက်ရသည်နှင့် တပြိုင်နက် လုပ်ငန်းများစတင်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

ဒီလိုအချိန်မှာ လိုအပ်လို့ လုပ်ငန်းများစတင်သည်နှင့်တပြိုင်နက် အလျင်အမြန် လုပ်ငန်းစနိုင်ဖို့အတွက် မြေမြှုပ်မိုင်းရှင်းလင်းရာမှာ အကူအညီပေးမယ့် နိုင်ငံတကာအဖွဲ့အစည်းတချို့ဟာ မိမိတို့နိုင်ငံမှာ ရုံးတွေလာဖွင့်ထားပြီလည်းဖြစ်ပါတယ်။ အစိုးရဘက်က သဘောတူညီချက် ရသည်နှင့်တပြိုင်နက် မိုင်း ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ဖို့ အဆင်သင့်ပြင်ဆင်ထားတဲ့သဘောပါပဲ။

သည်လိုအချိန်မှာ အစိုးရဘက်က သဘောတူရမယ့်ကိစ္စ အချိန်ကြန့်ကြာလွန်းနေတယ်လို့ ဝေဖန်သံများလည်း ကြားလာရပါတယ်။ တကယ်တော့လည်း စစ်ဖြစ်ရာဒေသများ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်မယ်ဆိုရင် အဲဒီ မြေမြှုပ်မိုင်းတွေ ရှိနေသရွေ့ မည်သည့် ထူထောင်ရေးလုပ်ငန်းမှ လုံခြုံအေးချမ်းစွာ စတင်နိုင်လိမ့်မယ် မဟုတ်ပါဘူး။

အားလုံးသိကြတဲ့အတိုင်း မိမိတို့တိုင်းပြည်မှာ လွတ်လပ်ရေးရဲ့ဖွားဖက်တော် ပြည်တွင်းစစ်ကြီးက လွတ်လပ်ရေး သက်တမ်းနဲ့အတူ ကြာမြင့်လာခဲ့တာနဲ့အမျှ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေ လည်းဆုံးရှုံးခဲ့တာ ရေတွက်လို့ မရနိုင်အောင်ပါပဲ။ အဆိုးဆုံး အကျိုးရလဒ်ကတော့ ဒီပြည်တွင်းစစ်မီးကြီးကို ဘယ်လိုမှ ငြှိမ်းသတ်လို့ မရနိုင်လောက်အောင် ခက်ခဲစေတဲ့ အမျိုးသား သွေးကွဲမှုကြီး ပေါ်ထွန်း လာရတဲ့ကိစ္စပါပဲ။ မိမိတို့ သွေးချင်းသားချင်း ညီအစ်ကိုမောင်နှမတွေဟာ တမြေထဲနေ တရေထဲသောက်နေကြရတယ်ဆိုပေမယ့် အပြန်အလှန် မုန်းတီးမှု၊ အပြန်အလှန် မသင်္ကာမှု။ အပြန်အလှန် အသိအမှတ်မပြုနိုင်မှုဆိုတဲ့ သွေးကွဲမှုနွံကြီးထဲ နစ်နေခဲ့ကြရပါတယ်။

ဒါကြောင့်မို့ အခုလို ရှစ်ဖွဲ့ရယ်လို့မဟုတ် ဘယ်နှစ်ဖွဲ့နဲ့ပဲဖြစ်ဖြစ် အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး မရရအောင် ရှာဖွေဆောင်ရွက်ကြဖို့သင့်ပါတယ်။ တချိန်တည်းမှာပဲ အပစ်အခတ်ရပ်စဲလို့ စစ်ပွဲတွေ မရှိတော့တဲ့နေရာတွေမှာ မြေမြှုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းတွေအပြင် တခြား ပြန်လည်ထူထောင်ရေး အလုပ်တွေ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း မဇ္ဈိမက တိုက်တွန်းလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly