စပိန်တွင်ကျင်းပသည့် ၃ ရက်ကြာ ဒေသပေါင်းစုံအစည်းအဝေးသို့ တိဗက်အဖွဲ့အစည်းများ တက်ရောက်

စပိန်တွင်ကျင်းပသည့် ၃ ရက်ကြာ ဒေသပေါင်းစုံအစည်းအဝေးသို့ တိဗက်အဖွဲ့အစည်းများ တက်ရောက်

နိုင်ငံတကာတိဗက်ကွန်ရက်မှ ကြီးမှူးကျင်းပသည့် ပထမဆုံးအကြိမ် ဒေသပေါင်းစုံ တိဗက်အစည်း အဝေးသို့တက်ရောက်ရန် ကမ္ဘာတစ်ဝန်းမှ တိဗက်အဖွဲ့အစည်းများသည် စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့ သို့ ရောက်ရှိခဲ့ကြသည်။

အစည်းအဝေးတက်ရောက်သူများသည် ထင်ရှားသော တက်ကြွလှုပ်ရှားသူများ၊ ကျွမ်းကျင်ပညာရှင်များ၊ တိဗက်လှုပ်ရှားမှုဆိုင်ရာ ပညာရှင်များဦးဆောင်သော ဟောပြောပွဲများနှင့် အလုပ်ရုံဆွေးနွေးပွဲများတွင် ပါဝင်ကြသလို ဒေသတွင်းနှင့် ဒေသပေါင်းစုံမှ စီမံကိန်းနှင့်ကွန်ရက်များချိတ်ဆက်မှုတွင်လည်း ပါဝင်ကြသည်။

ထိုအခမ်းအနားကို ဆရာတော် သူတန်ဝမ်ချန်၏ ဖိတ်ကြားမှုဖြင့် ကာဆာဒယ်ဗက်ဖောင်ဒေးရှင်းဌာနချုပ်၌ မေလ ၂၇ ရက်မှ ၂၉ ရက်အထိ ကျင်းပခဲ့သည်။ ၂၀၀၀ ခုနှစ်က စတင်ကျင်းပခဲ့ပြီးနောက်ပိုင်း တိဗက်ကွန်ရက်သည် နှစ်စဉ် ဒေသဆိုင်ရာအစည်းအဝေးများကို ကျင်းပခဲ့ပြီး ကိုဗစ်-၁၉ ကြောင့် ရပ်နားထားခဲ့ခြင်းဖြစ်သည်။

ယခုနှစ် ဒေသပေါင်းစုံ အစည်းအဝေးသည် ပထမဆုံးကျင်းပခြင်းဖြစ်ပြီး ဥရောပ၊ အာဖရိက၊ အမေရိကနှင့်အာရှတို့ရှိ တိဗက်အဖွဲ့များမှ ကိုယ်စားလှယ်ပေါင်း ၇၀ ခန့်တက်ရောက်ခဲ့ကြသည်။

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့မှ တရုတ်ရေးရာ ဒါရိုက်တာ ဆိုဖီရစ်ချက်ဆင်၊ တိဗက်လှုပ်ရှားမှုအင်စတီကျု ဒါရိုက်တာ လာဒန်တက်သောင်နှင့် လန်ဒန် တိဗက်ရုပ်ရှင်ပွဲတော်အစီအစဉ်မှူး ကွန်ဆန်ကယ်လ်ဒန်တို့သည် ဒေသပေါင်းစုံအစည်းအဝေးအတွက် အစီအစဉ်မှူးများ ဖြစ်ကြသည်။

“ဘာစီလိုနာက ကာဆာဒယ်တိဗက်ဖောင်ဒေးရှင်းမှာ ဒေသပေါင်းစုံအစည်းအဝေးကို ကျင်းပခွင့်ရလို့ ဝမ်းမြောက်မိပါတယ်။ ဒီအစည်းအဝေးက အဓိပ္ပါယ်ပြည့်ဝတဲ့ ဆွေးနွေးမှုတွေနဲ့ လက်တွေ့ကျတဲ့ဖြေရှင်းမှုတွေ ရှာတွေ့ဖို့ ပလက်ဖောင်းတစ်ခု ဖြစ်ပါတယ်။ တိဗက်အရေးအတွက် ငယ်ရွယ်တဲ့ တိဗက်တက်ကြွလှုပ်ရှားသူတွေနဲ့ တိဗက်ထောက်ခံသူအများအပြားကို တွေ့မြင်ရလို့ ဝမ်းသာပါတယ်” ဟု ကာဆာဒယ်တိဗက်မှ ဒါရိုက်နာ သူတန်ဝမ်ချန်က ပြောသည်။

“ဒါဟာ ပထမဆုံးသော ဒေသပေါင်းစုံ အစည်းအဝေးဖြစ်ပါတယ်။ တိဗက်အဖွဲ့အစည်းတွေနဲ့ ထောက်ခံသူတွေ လူကိုယ်တိုင်တွေ့ဆုံပြီး သူတို့နိုင်ငံနဲ့ ဒေသအကြောင်းအရာတွေကို ဝေမျှဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပခဲ့တာပါ” ဟု နိုင်ငံတကာတိဗက်ကွန်ရက်မှ အမှုဆောင်ဒါရိုက်တာ မန်ဒီမက်ကောင်က ပြောသည်။

နိုင်ငံတကာတိဗက်ကွန်ရက်သည် တိဗက်နှင့်ပတ်သက်သည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ ကမ္ဘာလုံးဆိုင်ရာ ညွန့်ပေါင်းအဖွဲ့ဖြစ်သည်။

၎င်း၏ ရည်ရွယ်ချက်မှာ ကမ္ဘာတစ်ဝန်းရှိ တိဗက်လှုပ်ရှားမှုဆိုင်ရာ ထိရောက်မှုကို အမြင့်ဆုံးဖြစ်စေရန်ဖြစ်သည်။ ကွန်ရက်သည် အဖွဲ့ဝင်အဖွဲ့အစည်းတစ်ခုချင်းစီ၏ စွမ်းဆောင်ရည်ကို တိုးမြှင့်ရန်၊ ပေါင်းစပ်ညှိနှိုင်းထားသော ဗျူဟာမြောက် လှုပ်ရှားမှုများကို ဖော်ဆောင်ရန်နှင့် တိဗက်လှုပ်ရှားမှုတစ်ခုလုံးကို အားကောင်းလာရန် အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly