ဆီးရီးယားစစ်ပွဲကြောင့် စီးပွားရေးအရထိခို်က်မှု ဒေါ်လာ ၃၅ဘီလျံရှိ

ဆီးရီးယားစစ်ပွဲကြောင့် စီးပွားရေးအရထိခို်က်မှု ဒေါ်လာ ၃၅ဘီလျံရှိ

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၅ ။           ။ ဆီးရီးယားစစ်ပွဲကြောင့် ဆီးရီးယားနှင့် အနီးရှိနိုင်ငံများအပေါ် စီးပွားရေးအရထိခိုက်မှုမှာ ဒေါ်လာ ၃၅ဘီလျံနှင့် အထက်ရှိသည်ဟု ကမ္ဘာ့ဘဏ်ကပြောသည်။

ငါးနှစ်ကြာစစ်ပွဲကြောင့် လူပေါင်း ၂၆၀,၀၀၀ခန့်သေဆုံးပြီးဖြစ်ကာ လူ ၄ဒသမ၆သန်းမှာ နိုင်ငံမှ ထွက်ခွာခဲ့ရသည်ဟု ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။ ခန့်မှန်းခြေဆုံးရှုံးမှုတွင် အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကရေးရာ ကမ္ဘာ့ဘဏ်၏ သုံးလတစ်ကြိမ်အစီရင်ခံစာလည်း ပါဝင်ပြီး ယင်းခန့်မှန်းချက်ကို လန်ဒန်တွင် ကမ္ဘာ့ခေါင်းဆောင်များက ဆီးရီးယားတို့အား ကူညီရန် ၂၀၂၀ပြည့်နှစ်အတွင်း ဒေါ်လာ ၁၀ဘီလျံကျော်ကူညီမည်ဟု ကတိပြုသည့်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ဆီးရီးယားစစ်ပွဲနှင့် တူရကီ၊ လက်ဘနွန်၊ ဂျော်ဒန်၊ အီရတ်နှင့် အီဂျစ်နိုင်ငံတို့အပေါ် စစ်ပွဲ၏သက်ရောက်မှုကြောင့် ခန့်မှန်းခြေထုတ်ကုန်တန်ဘိုးထိခိုက်မှုမှာ ဒေါ်လာ ၃၅ဘီလျံရှိသည်ဟု ကမ္ဘာ့ဘဏ်က ပြောကြားခဲ့သည်။

၂၀၀၇ခုနှစ်က ဈေးနှုန်းဖြင့် တိုင်းတာခဲ့သော ယင်းကိန်းဂဏန်းမှာ ၂၀၀၇ခုနှစ် ဆီးရီးယား၏ ဂျီဒီပီနှင့် ညီမျှသည်ဟု အစီရင်ခံစာက ဖော်ပြသည်။ ဆီးရီးယားဒုက္ခသည် ၆၃၀,၀၀၀ကျော် စီးဝင်လာမှုက ဂျော်ဒန်နိုင်ငံအား တစ်နှစ်လျင် ဒေါ်လာ ၂ဒသမ၅ဘီလျံကျော် ထိခိုက်စေသည်ဟု အစီရင်ခံစာက ဆိုသည်။

စစ်ပွဲကြောင့် ဆီးရီးယား၏ အိမ်နီးချင်းနိုင်ငံအားလုံးမှာ ကြီးမားသည့် ဘတ်ဂျက်ဖိအားနှင့် ရင်ဆိုင်နေရသည်ဟုလည်း သိရသည်။ ဒုက္ခသည်များကြား အထူးသဖြင့် အမျိုးသမီးများနှင့် ပုံစံတကျမဟုတ်သည့်   ကဏ္ဍတွင် လုပ်နေသူများကြား အလုပ်လက်မဲ့နှုန်းမှာ မြင့်မားလျက်ရှိပြီး အကာအကွယ်လည်း မရရှိကြောင်း အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကရေးရာ ကမ္ဘာ့ဘဏ်စီးပွားရေးပညာရှင်အကြီးအကဲ ရှန်တာဒေဝါရာဂျန်က ပြောသည်။

လက်ဘနွန်ရှိ ဆီးရီးယားဒုက္ခသည်များ၏ ၉၂ ရာခိုင်နှုန်းမှာ အလုပ်အကိုင်အဆက်အသွယ်မရှိဘဲ ၎င်းတို့အနက် ထက်ဝက်ကျော်မှာ နည်းပါးသောလုပ်ခဖြင့် ရာသီအလိုက် အပတ်စဉ်   နေ့စဉ်အခြေခံပုံစံဖြင့်  လုပ်ကိုင်နေရသည်ဟု ၎င်းကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly