မြန်မာ့ အကျပ်အတည်း၏ ပြင်းထန်မှုကို လွတ်လပ်သော မီဒီယာများ နားလည် သဘောပေါက်ကြသည် (အယ်ဒီတာ့အာဘော်)

မြန်မာ့ အကျပ်အတည်း၏ ပြင်းထန်မှုကို လွတ်လပ်သော မီဒီယာများ နားလည် သဘောပေါက်ကြသည် (အယ်ဒီတာ့အာဘော်)

မေ ၂၉

မြန်မာ ဂျာနယ်လစ်များသည် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့က စစ်တပ်အာဏာသိမ်းပြီးနောက် ခါးသီးပြင်းထန်သော ပဋိပက္ခနှင့်ပတ်သက်ပြီး သတင်းပေးပို့ ဖော်ပြရာတွင် "သံသယမထားဘဲ အရာအားလုံးကို လက်ခံယုံကြည်နေပုံရသူများ” ဖြစ်ကြလိမ့်မည်ဆိုပြီး Economist မဂ္ဂဇင်းက ဝါးလုံးရှည်ဖြင့်ရမ်းကာ ယခုလအတွင်း သတင်းဆောင်းပါးတစ်ပုဒ်တွင် ဖော်ပြခဲ့ရာ ယင်းက မြန်မာနိုင်ငံ၏ လွတ်လပ်သော မီဒီယာ အသိုင်းအဝိုင်းအကြား စိတ်အနှောက်အယှက်ဖြစ်စရာဖြစ်စေခဲ့သည်။

“မြန်မာ့ ခုခံတော်လှန်သူများသည် ယင်း၏ ကိုယ်ပိုင် ဝါဒဖြန့်မှုကို ယုံကြည်နေသည့် အန္တရာယ်ရှိနေသည်” ဆိုသည့် ခေါင်းစဉ်ဖြင့် မေလ ၁၉ ရက် Economist သတင်းဆောင်းပါးတွင် မြန်မာမီဒီယာသည် စစ်နှင့်ပတ်သက်ပြီး လွန်ကဲစွာ အကောင်းမြင်လွန်းသော ရုပ်ပုံလွှာကို ဆေးခြယ်နေသည်ဟု ပြောထားခဲ့သည်။ “မြန်မာ ဆိုရှယ်မီဒီယာ သို့မဟုတ် အွန်လိုင်း သတင်းဆိုဒ်များပေါ်တွင် အချိန်ကုန်လွန်ခြင်းက မြန်မာ၏ အာဏာသိမ်းစစ်အုပ်စုအတွက် အဆုံးသတ်ဇာတ်သိမ်းက နီးလာပြီဟု ထင်မြင်ယူဆရန် ဖြစ်သည်” ဟု Economist မဂ္ဂဇင်း၏ စာရေးသူက ပြောသည်။

မဂ္ဂဇင်းသည် အရေးကြီးသော ကိစ္စရပ်တစ်ခုကို ထုတ်ဖော်တင်ပြခြင်း ဖြစ်ပြီး အတိအကျဆိုရသော် လူမဆန်ရက်စက်သော စစ်ကောင်စီတပ်အပေါ် မြန်မာ့ ခုခံတော်လှန်သူများ သို့မဟုတ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များ (PDF) ၏ ဆန့်ကျင်တိုက်ခိုက်မှု၏ တိုးတက်မှုအခြေအနေကို အကဲဖြတ်သုံးသပ်ခြင်း ဖြစ်သည်။

Economist ၏ အကဲဖြတ်ချက်တွင် ခုခံတော်လှန်သူများသည် PDFs များ၏ အောင်မြင်မှုကို အမွှမ်းတင်လွန်းနေကြောင်းနှင့် ဆိုးဝါးသော အခြေအနေသည် မကြာမီ အဆုံးသတ်ပြီးဆုံးလိမ့်မည်ဆိုသည့် ယုံကြည်ချက်ကို ဖော်ပြနေကြောင်း ပြောထားခဲ့သည်။ ဤနေရာတွင် လွတ်လပ်သော မီဒီယာ၏ ခက်ခက်ခဲခဲ ကြိုးပမ်းတင်ပြနေရသည့် အလုပ်အပေါ် အသားလွတ်တိုက်ခိုက်ခံရခြင်းအတွက် စိတ်အနှောင့်အယှက် ဖြစ်လျက်ဖြင့် လွတ်လပ်သော မြန်မာ မီဒီယာသတင်းဌာန တစ်ခုက အဆိုပါ Economist မဂ္ဂဇင်း၏ အကဲဖြတ်ချက်ကို အသေးစိတ် ပြန်လည် တုံ့ပြန်ခဲ့သည်။

မဇ္စျိမအနေဖြင့် အခြား မီဒီယာလုပ်ငန်းများ၏ ရေးသားဖော်ပြချက်ကို မဝေဖန်လိုသော်လည်း Economist မဂ္ဂဇင်း၏ စာရေးသူသည် မြန်မာနိုင်ငံနှင့် လက်ရှိ အကျပ်အတည်းအပေါ် အထူးတလည် ကောင်းစွာ နားလည် သဘောပေါက်ခြင်း မရှိသည်မှာ ရှင်းလင်းထင်ရှားနေသည်။ Economist မဂ္ဂဇင်းသည် ထုံးစံအားဖြင့် ကမ္ဘာတစ်ဝန်း အရေးကိစ္စများအပေါ် အရေးပါသော ထိုးထွင်းဖော်ပြချက်များကို တင်ဆက်သည်။ ယင်းတွင် စာရေးသူများ၏ အမည်များကို ထည့်သွင်းဖော်ပြမှု မရှိခြင်းက အငြင်းပွားစရာဖြစ်ပြီး ထိုသို့ နာမည်မခံ၊ နာမည်မတပ်ရေးသားခြင်းက မဂ္ဂဇင်းအတွက် အတားအဆီးမဲ့ ပြောဆိုနိုင်သည့် အခွင့်အလမ်းကို ရရှိစေသည်။

သို့သော် ပြီးခဲ့သည့် နှစ်များအတွင်း Economist စာရေးသူတစ်ဦးအနေဖြင့် အရေးကြီးသော အကြောင်းအရာတစ်ခုနှင့်ပတ်သက်ပြီး အခြားသူများ၏ အတွေးအမြင် သို့မဟုတ် အခွင့်အရေးကို လုံးဝ လျစ်လျူရှုပြီး ရေးသားနိုင်စွမ်း ရှိခဲ့သည့်အကြိမ် အများအပြား ရှိခဲ့ပြီး ထုံးစံအားဖြင့် ယင်းတို့အပေါ် ပြန်လည်တုံ့ပြန်မှုက နည်းပါးခဲ့သည်။

မြန်မာ့ အကျပ်အတည်းအပေါ် အကဲဖြတ်သည့် Economist သတင်းဆောင်းပါးနှင့်ပတ်သက်သည့် အဓိက ပြဿနာမှာ ဆိုရှယ်မီဒီယာပေါ် ပြုံကျလာသည့် ရေးသားပေးပို့မှုများနှင့် လွတ်လပ်သော မီဒီယာများ၏ သတင်းပေးပို့တင်ဆက်နေမှုများကို ရောနှောပစ်နေခြင်း ဖြစ်သည်။ ယုံကြည်ကိုးစားမှုမရနိုင်သော ဆိုရှယ်မီဒီယာပေါ်မှ နွေဦးတော်လှန်ရေး၏ အောင်လံတော်အောက်၌ ထွက်ပေါ်လာသည့် ရေးသားချက်အများအပြားမှာ အာဏာသိမ်းစစ်တပ်ကို အာဏာဖယ်ရှားရန် ကြိုးပမ်းမှုကို ထောက်ကူပံ့ပိုးနေသူအားလုံးနှင့် တိုက်ခိုက်ရေးသမားများအတွက် အများပြည်သူဆက်ဆံမှုအဖြစ် သဘောထားနိုင်သည်။ မကြာခဏဆိုသလို တစ်ယောက်ယောက်က PDFs များအတွက် “အားပေးသည့် ပြောဆိုလုပ်ဆောင်ချက်” များကို မြင်ရသလို ဓာတ်ပုံများ၊ အင်တာနက်ပေါ်က စာသား၊ ဗီဒီယိုများတွင် ချဲ့ကားထားသော ပြောဆိုချက်များ ရောနှောနေသည်တို့လည်း ရှိသည်။

မြန်မာ့အကျပ်အတည်းနှင့် ပတ်သက်ပြီး သတင်းပေးပို့ဖော်ပြနေသော လွတ်လပ်သော မီဒီယာအားလုံး၏ ကိုယ်စားပြောပေးရန် မဖြစ်နိုင်သော်လည်း ခက်ခဲသော အခြေအနေများအောက်တွင် လုပ်ကိုင်နေကြသည့် ဤမီဒီယာသတင်းဌာနများသည် စီမံအုပ်ချုပ်မှု တည်ဆောက်ရန်နှင့် နိုင်ငံတကာ အသိုင်းအဝိုင်းတွင် ရပ်တည်မှု ထူထောင်ရန် လုပ်ဆောင်နေသော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လုပ်ဆောင်မှုများ အပါအဝင် အာဏာသိမ်းစစ်အုပ်စုနှင့် တော်လှန်ရေးတပ်ဖွဲ့အင်အားစုများအကြား တိုက်ပွဲနှင့်ပတ်သက်သည့် အကဲဖြတ်ချက်များနှင့် ကိန်းဂဏန်းများကို အထူး ဂရုစိုက်ရန် ကြိုးပမ်းနေရသည်မှာ ရှင်းလင်းသေချာလှသည်။ အာဏာသိမ်းပြီးနောက်ပိုင်း သတင်းသမားများ ဖမ်းဆီးခံရမှုများ၊ ထောင်ချခံရမှုများ၊ သေဆုံးမှုတို့ ရှိခဲ့ခြင်းကြောင့် လွတ်လပ်သော ဂျာနယ်လစ်များအနေဖြင့် မြန်မာနိုင်ငံတွင် လုပ်ကိုင်ရန် ခက်ခဲမှုများ ရှိထားခဲ့သည်။

လွတ်လပ်သော မီဒီယာတွင် ထုတ်ဝေတင်ပြမှုများနှင့် ဆိုရှယ်မီဒီယာပေါ်မှ ကိုးရိုးကားရားနိုင်သော ရေးသားပြောဆိုချက်များ၊ စာသား၊ ဓာတ်ပုံ၊ ဗီဒီယိုများအဖြစ် သွန်ကျလာသည့် အရာများကို သီးခြားစီ ခွဲရန် လိုအပ်ပါသည်။ လွတ်လပ်သော မီဒီယာရှိ အများအပြားသည် အောင်ခြေမလွတ်ကြသလို “နွေဦးတော်လှန်ရေး အင်အားစု” နှင့် အာဏာသိမ်းစစ်တပ်အကြား ပြင်းထန်သော တိုက်ပွဲက အလွယ်တကူနှင့်များ မကြာမီ ပြီးဆုံးသွားလိမ့်မည် ဆိုသည့် အတွေးမှားအောက်တွင် ရှိနေကြသူများလည်း မဟုတ်ပါ။

ဂျာနယ်လစ်များသည် တစ်စုံတစ်ခုကို ယုံမှားသံသယမရှိဘဲ မမှိတ်မသုန် ယုံကြည်နေသည် ဆိုပြီး Economist မဂ္ဂဇင်းက မှားယွင်းစွာ ဖော်ပြထားခဲ့သော်ငြား လွတ်လပ်သော မီဒီယာအနေဖြင့် အခြေအနေ၏ ပြင်းထန်မှုကို လက်ခံအသိအမှတ်ပြုသလို ရှေ့တွင် ရှည်လျားသော တိုက်ပွဲက ရှိနေပါသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly