လုပ်သားအင်အား ယခင်ထက်များလာနိုင်ခြင်းက နိုင်ငံစီးပွားရေးတိုးတက်ရန် လာအို မျှော်လင့်

လုပ်သားအင်အား ယခင်ထက်များလာနိုင်ခြင်းက နိုင်ငံစီးပွားရေးတိုးတက်ရန် လာအို မျှော်လင့်

ဗီယန်ကျင်း၊ ဖေဖော်ဝါရီ ၄ ။              ။ လာအိုနိုင်ငံတွင် အလုပ်သမားအင်အားစုသည် လာမည့် ငါးနှစ်တာအတွင်း ၆၁၀,၀၀၀ ထိ တိုးပွားလာနိုင်ဖွယ် ရှိနေရာ ယင်းအချက်က နိုင်ငံ၏ စီးပွားရေး တိုးတက်မှုအတွက်  အထောက်အကူဖြစ်စေနိုင်သည်ဟု ဗီယန်ကျင်းတိုင်းမ် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

လာအို အစိုးရ၏  ၂၀၁၆-၂၀၂၀ ခုနှစ် ၈  ကြိမ်မြောက် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ဖြင့် နိုင်ငံစီးပွားရေးတိုးတက်မှုသည် လာမည့် ငါးနှစ်တာ အတွင်း ၇ ဒသမ ၅ ရာခိုင်နှုန်းဖြင့်  ပုံမှန် တိုးတက်လာမည်ဟု မျှော်မှန်းထားသည်။

နိုင်ငံတွင် လုပ်သားအင်အားတိုးပွားလာရေးအပေါ် မျှော်မှန်းနေမှုများသည် နိုင်ငံ၏ စီးပွားရေးအတွက် ကောင်းသည့် အချက်ဖြစ်ကြောင်း လာအို အထည်ချုပ်လုပ်ငန်းအသင်းချုပ် ဒုဥက္ကဌ ဒေါက်တာ ဇေဘန်ဒစ် ရက်ဖုန်က ဖေဖော်ဝါရီ ၄ ရက်တွင် ပြောကြားသွားသည်။

နိုင်ငံ၏ အထည်ချုပ်လုပ်ငန်းများတွင်လည်း  လုပ်သားအင်အား နည်းပါးမှု ပြဿနာဖြင့် ရင်ဆိုင်နေရကြောင်း ၎င်းက ဆိုသည်။ လာအိုနိုင်ငံတွင် အထည်ချုပ် စက်ရုံပေါင်း ၉၈ ရုံရှိနေပြီး ယင်းတို့ထဲမှ အများစုမှာ မြို့တော် ဗီယန်ကျင်းတွင် ရှိကြသည်။ ယင်းစက်ရုံများတွင် လုပ်ကိုင်နေသော အလုပ်သမားအင်အား ၃၀,၀၀၀ ရှိနေကြသည်။

လာအို အမျိုးသား စီးပွားရေး သုတေသနဌာနမှ ညွန်ချုပ် ဒေါက်တာ လီဘာ ဘီဘောင်ပိုက လက်ရှိအခြေအနေအရ နိုင်ငံ စီးပွားရေးအတွက် လုပ်သားအင်အားအများအပြား လိုအပ်နေလျက်ရှိနေ သည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း နိုင်ငံတွင် တရုတ်-လာအို ရထားလမ်း စီမံကိန်းကဲ့သို့သော စီမံကိန်းကြီးများ စတင်လုပ်ဆောင်ရန် ရှိနေခြင်းကြောင့်  ပြည်တွင်းလုပ်သားအင်အား များပြားလာမှုက အနာဂတ်လုပ်ငန်းလိုအပ်ချက်နှင့် ကိုက်ညီချင်မှ ကိုက်ညီနိုင်လိမ့်မည်ဟု ဒေါက်တာလီဘာက ပြောသည်။

လာမယ့်နှစ်များတွင် နိုင်ငံ၏ လူဦးရေတစ်ဝက်ခန့် ရှိနိုင်မည့် လူငယ် လုပ်သားအင်အားစုများ ရှိလာနိုင်ရန် မျှော်လင့်နေကြပြီး ယင်းအချက်ကလည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် နိမိတ်လက္ခဏာ တစ်ရပ်ဖြစ်သည်ဟုလည်း့ ဒေါက်တာ လီဘာက ဆိုသည်။

သို့ရာတွင် စီးပွားရေးတိုးတက်ရန်အတွက် လုပ်ဆောင်ရာတွင် အသက်မွေးဝမ်းကြောင်းနှင့် သက်ဆိုင်သည့် ပညာသင်ကြားရေး ကဏ္ဍအနေဖြင့် လူ့စွမ်းအားအရင်းအမြစ်ပိုင်းတွင် အရည်အသွေးနှင့်၊ အရေအတွက်ပိုင်းကိုပါ တိုးတက်ရေးအတွက်လုပ်ဆောင်ရမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသွားသည်။

တစ်ချိန်တည်းတွင်လည်း စီးပွားရေးကဏ္ဍမှ တာဝန်ရှိသူများကလည်း အစိုးရအနေဖြင့် အနာဂတ် စီးပွားရေးတိုးတက်ရန်အတွက် နိုင်ငံ၏ အသက်မွေးဝမ်းကြောင်းဆိုင်ရာ ပညာသင်ကြားရေးလုပ်ငန်းကို တိုးတက်ရန် လုပ်ဆောင်ပေးသင့်ကြောင်း တိုက်တွန်းပြောကြားထားသည်။

လာအိုတွင် ပြီးခဲ့သည့် ငါးနှစ်တာအတွင်း စီးပွားရေးပိုင်းတွင် ပျမ်းမျှ တိုးတက်မှုနှုန်း ၇ ဒသမ ၉ ရာခိုင်နှုန်းရှိထားခဲ့သည်။ သို့သော်  စီမံကိန်းများ၊ စက်ရုံများနှင့် စီးပွားရေးလုပ်ငန်းများတွင်မူ ကာယပိုင်းနှင့် ဉာဏပိုင်းတွင်ပါ ပြည်တွင်းလုပ်သားအင်အား ရှားပါးမှု ပြဿနာနှင့် ကြုံတွေ့ထားခဲ့ရသည်။

လာအို စီးပွားရေးလုပ်ငန်းအချို့သည် ယင်းဟာကွက်များကို ဖြည့်ဆည်းနိုင်ရန်အတွက် ပြည်ပမှ လုပ်သားအချို့ကို ခေါ်ယူအသုံးပြုထားခဲ့ကြရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly