ဖိလစ်ပိုင်က အငြင်းပွား တောင်တရုတ်ပင်လယ်တွင် ရေကြောင်းပြ ဗော်ယာများ တပ်ဆင်

ဖိလစ်ပိုင်က အငြင်းပွား တောင်တရုတ်ပင်လယ်တွင် ရေကြောင်းပြ ဗော်ယာများ တပ်ဆင်

ဖိလစ်ပိုင်က အငြင်းပွားနေသော တောင်တရုတ်ပင်လယ်အတွင်းရှိ ကျွန်းစုများတွင် ယင်း၏ အချုပ်အခြာ အာဏာခိုင်မာစေရေးအတွက် ရေကြောင်းပြ ဗော်ယာများကို တပ်ဆင်ပြီး ကွပ်ကဲမှုဌာနအချို့ကို ဖွင့်လှစ်ခဲ့ သည်။

မေလ ၁၂ ရက်မှ ၁၄ ရက်အထိ ဖိလစ်ပိုင်နိုင်ငံအလံ တပ်ဆင်ထားသည့် ရေကြောင်းပြ ဗော်ယာ ၅ ခုကို ဖိလစ် ပိုင် ကမ်းခြေစောင့်တပ် (PCG) က ထားရှိခဲ့သည်ဟု ဝန်ဆောင်မှုဌာနချုပ်မှ ရေတပ်ဗိုလ်ချုပ်ကြီး အာတီမီယို အဘူက ပြောကြားခဲ့သည်။

မိမိတို့၏ အချုပ်အခြာအာဏာ အမှတ်အသားများကို တပ်ဆင်ခြင်း၏ ခိုင်မာအားကောင်းသော အောင်မြင်မှုဟု အဘူက ချီးကျူးခဲ့သည်။

တောင်တရုတ်ပင်လယ်ရှိ ဖိလစ်ပိုင်၏ 'ရေကြောင်းပိုင်နက်ဆိုင်ရာ အသိပညာပေးမှု' ကို မြှင့်တင်ရန် ကမ်းခြေစောင့်တပ်ဖွဲ့သည် လာဝပ်ခ်၊ လီခါ့စ်နှင့် ပါရိုလာကျွန်းများတွင် စောင့်ကြည့်ရေး စခန်းအသစ်များကို လည်း ထူထောင်ထားကြောင်း မေ ၁၇ရက် အစောပိုင်းက ပြောကြားခဲ့သည်ဟု Free Asia သတင်းဌာနက ဖော်ပြခဲ့သည်။

ဖိလစ်ပိုင်အရပ်သားအသိုက်အဝန်းများနေထိုင်သည့် အကြီးဆုံးဖိလစ်ပိုင်ပိုင်နက်ဖြစ်သည့် ပတ်အေစာကျွန်း အနီးတွင် ဗီယက်နမ်နှင့် တရုတ်ငါးဖမ်းလှေအများအပြားကို တွေ့ရှိခဲ့ကြောင်း အဘူက ပြောကြားခဲ့သည်။

ယခင်က အငြင်းပွားရေပိုင်နက်အတွင်း ဖိလစ်ပိုင် မရိန်းတပ်သားများ၏ ကင်းစခန်းများသို့ သွားရောက်သည့် ထောက်ပို့သင်္ဘောများကို တရုတ်ကမ်းရိုးတန်းစောင့်သင်္ဘောများက ပိတ်ဆို့ခဲ့သည်။

၂၀၂၁ခုနှစ် နိုဝင်ဘာလတွင် တရုတ်ကမ်းခြေစောင့်တပ်သင်္ဘောများသည် အော်ဂျင်သောင်စွယ်(Second Thomas) သို့ ပြေးဆွဲနေသည့် ဖိလစ်ပိုင်ထောက်ပံ့ရေးသင်္ဘောများကို ရေအမြောက်များဖြင့် ပစ်ခတ်ခဲ့သည်။

ကမ်းရိုးတန်းစောင့်ကင်းစခန်းအသစ်များသည် ရေကြောင်းဘေးကင်းရေး၊ ရေကြောင်းရှာဖွေရေးနှင့် ကယ်ဆယ် ရေးနှင့် ရေကြောင်းသဘာဝပတ်ဝန်းကျင် ကာကွယ်ရေးတို့တွင် မိမိတို့၏ စွမ်းရည်များကို မြှင့်တင်ပေးမည် ဖြစ်ကြောင်း အဘူက ပြောကြားခဲ့သည်။

ရေကြောင်းပြဗော်ယာများ တပ်ဆင်ခြင်းက ဖိလစ်ပိုင်သည် ကယားယန်ကျွန်းအုပ်စုအပေါ် အချုပ်အခြာ အာဏာပိုင်ဆိုင်ကြောင်း အခိုင်အမာဖော်ပြချက်ဖြစ်ပြီး ကျန်နိုင်ငံတကာအသိုင်းအဝိုင်းအား အသိပေးချက် တစ်ခုဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly