ကုလမဟာမင်းကြီးအနေဖြင့် ရှင်ကျန်းအရေး ဖြေရှင်းရန် အခွင့်အရေးကို အမိအရဆုပ်ကိုင်ရမည်ဟု လူ့အခွင့်အရေးအဖွဲ့ ပြောကြား

25 May 2022
ကုလမဟာမင်းကြီးအနေဖြင့် ရှင်ကျန်းအရေး ဖြေရှင်းရန် အခွင့်အရေးကို အမိအရဆုပ်ကိုင်ရမည်ဟု လူ့အခွင့်အရေးအဖွဲ့ ပြောကြား

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးအနေဖြင့် တရုတ်နိုင်ငံ ရှင်ကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ ယခုသီတင်းပတ်၌ သွားရောက်ရာတွင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖြေရှင်းရန် အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က တိုက်တွန်းလိုက်သည်။

'ကျွန်မတို့ဟာ ထိလွယ်ရှလွယ်ပြီး အရေးကြီးတဲ့ လူ့အခွင့်အရေးကိစ္စတွေကို ဆွေးနွေးသွားမှာပါ၊ ဒီခရီးစဉ်က တရုတ်နိုင်ငံနဲ့ ကမ္ဘာတစ်ဝန်းမှာ လူ့အခွင့်အရေး တိုးတက်ကောင်းမွန်လာဖို့ အတူလက်တွဲလုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်' ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ မီချဲလ်ဘက်ချလက်က ပြောသည်။

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့သည် ရှင်းကျန်းရှိ ဝီဂါ၊ ကာဇက်နှင့် တခြားမွတ်စလင်အများစုပါသော တိုင်းရင်းသားလူမျိုးစုများကို တရုတ်က စနစ်တကျ အကြောင်းမဲ့ ထိန်းသိမ်းခြင်းနှင့် ညှင်းပန်းနှိပ်စက်ခြင်းများကို မှတ်တမ်းတင်ထားပြီး ဘက်ချလက်ဦးဆောင်သောအဖွဲ့သည် ထိုဒေသအပါအဝင် တရုတ်ပြည်သို့ ၆ ရက်ခရီးသွားရောက်မည်ဖြစ်သည်။

“ပြောင်ပြောင်တင်းတင်းဝါဒဖြန့်မှုတွေအပေါ် ထောက်ခံတာကို တွန်းလှန်ပြီး လျော့ပါးသွားအောင်လို့ ကုလသမဂ္ဂအနေနဲ့ အဆင့်များစွာ လုပ်ဆောင်ရမှာဖြစ်ပါတယ်” ဟု Amnesty International မှ အထွေထွေအတွင်းရေးမှူးချုပ် အန်နက်စ်ကာလာမတ်က ပြောသည်။

“၆ ရက်ကြာမယ့် ဒီခရီးစဉ်ဟာ ရှင်ကျန်းက လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို စုံစမ်းနိုင်ရုံပဲရှိမှာပါ။ ဒါပေမယ့် အနည်းဆုံး ဘက်ချလက်ရဲ့ခရီးစဉ်ဟာ ပစ်မှတ်ထားခံရတဲ့ ဝီဂါနဲ့ တခြားမွတ်စလင်တွေ၊ ဆွေမျိုးတွေထိန်းသိမ်းခံရတဲ့နေရာတွေနဲ့ တရားမျှတမှု၊ အမှန်တရားနဲ့နေရပ်ပြန်ဖို့ ဘယ်လိုလုပ်ရမှန်းမသိကြတဲ့ ပြင်ပက မိသားစုတွေ စတဲ့ တရုတ်ရဲ့ နှိပ်စက်မှုခံရသူတွေကို အထူးအာရုံစိုက်ရမှာဖြစ်ပါတယ်” ဟု အန်နက်စ်ကာလာမတ်က ဆိုသည်။

ကုလလူ့အခွင့်အရေးမဟာမင်းကြီးသည် ခရီးစဉ်မတိုင်မီက အဓိကသက်ဆိုင်သူများနှင့် တွေ့ဆုံသွားမည်ဟု ကတိပြုခဲ့သည်။ သို့သော်  ကုလသမဂ္ဂအဖွဲ့သည် အတားအဆီးမဲ့သော ၊ အဓိပ္ပါယ်ပြည့်ဝသော ထိန်းချုပ်မှုကင်းသော တွေ့ဆုံမေးမြန်းမှုဟူသည့် ၎င်းတို့ သတ်မှတ်ထားသည့် စံနှုန်းများနှင့်ညီစေရန် စိန်ခေါ်မှုတစ်ရပ်ကို ရင်ဆိုင်နေရကြောင်း Amnesty International ကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required