တရုတ်က လူ့အခွင့်အရေးချိုးဖောက်မှုများကို တရားဝင်စေရန် အားကစားကို အသုံးချနေဟု တိဗက် တက်ကြွလှုပ်ရှားသူ ပြော

တရုတ်က လူ့အခွင့်အရေးချိုးဖောက်မှုများကို တရားဝင်စေရန် အားကစားကို အသုံးချနေဟု တိဗက် တက်ကြွလှုပ်ရှားသူ ပြော

တရုတ်သည် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အတုအယောင် ကတိကဝတ်များကို တရားဝင်စေရန် အားကစားကို အသုံးချနေကြောင်း တိဗက်တက်ကြွလှုပ်ရှားသူတစ်ဦးက နယူးယောက်အခြေစိုက် အကျိုးအမြတ်မယူသော လူ့အခွင့်အရေးဖောင်ဒေးရှင်း Oslo Freedom Forum ၌ ပြောကြားခဲ့သည်။

တိဗက်တက်ကြွလှုပ်ရှားသူ ချမ်မီလာမိုက အဆိုပါပွဲ၌ ‘ပေကျင်း လူမျိုးတုံးသတ်ဖြတ်မှု အားကစားပွဲများမှသည် ကာတာ FIFA ကမ္ဘာ့ဖလား ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာအရေးအထိ အားကစားဖြင့်အဖတ်ဆယ်ခြင်း’ ဟူသော ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် တရုတ်သည် ကမ္ဘာ့အလယ်၌
၎င်း၏ ပုံရိပ်ကို မြှင့်တင်ရန် ၂၀၀၈ ခုနှစ်နွေရာသီအိုလံပစ်နှင့် ၂၀၂၂ ခုနှစ် ဆောင်းရာသီအိုလံပစ်အားကစားပွဲများကို အသုံးချခဲ့ကြောင်း ထောက်ပြခဲ့သည်။

တရုတ်သည် နိုင်ငံ၏ ပုံရိပ်နှင့် ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားမှုကို မြှင့်တင်ရာတွင် အားကစားကို အခွင့်အရေးနှင့် လက်နက်အဖြစ် အသုံးချလျက်ရှိကြောင်း ချမ်မီလာမိုက ဆိုသည်။

“တရုတ်က တိဗက်ယဉ်ကျေးမှု ဝိသေသလက္ခဏာကိုလည်း ဖျောက်ဖျက်ဖို့ လုပ်နေတယ်။ ဗုဒ္ဓရုပ်ပွားတော်နဲ့ ဘုန်းတော်ကြီး ပါမာဆမ်ဘာဗာရုပ်ထုတွေကို ဖြိုဖျက်တာလိုမျိုး ဘာသာရေးအပေါ် ထိပါးမှုတွေ၊ ဒလိုင်းလားမားအသစ်ရွေးချယ်မှုမှာ နှောင့်ယှက်တာတွေနဲ့ 
ရုပ်ပွားတော်ဖြိုတာကိုရိုက်ကူးထားတဲ့ဗီဒီယိုဖိုင်တွေ ဖြန့်ဝေတဲ့လူတွေကို ဖမ်းဆီးထိန်းသိမ်းတာတွေဟာ လတ်တလော လူ့အခွင့်အရေးချိုးဖောက်တဲ့ ဥပမာတွေဖြစ်ပါတယ်” ဟု လာမိုက ပြောသည်။

ဆွေးနွေးပွဲကို နော်ဝေနိုင်ငံ အော်စလိုမြို့ရှိ Lille Sal ဟောပြောခန်းမတွင် ပြုလုပ်ခဲ့သည်။ Oslo Freedom Forum သည် လူ့အခွင့်အရေးဖောင်ဒေးရှင်းမှ ကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာညီလာခံဖြစ်ပြီး  လူ့အခွင့်အရေးလှုံ့ဆော်သူများ၊ ဂျာနယ်လစ်များ၊ အနုပညာရှင်များ၊ နည်းပညာစွန့်ဦးတီထွင်သူများနှင့်
ကမ္ဘာ့ခေါင်းဆောင်များက လွတ်လပ်မှုကို ချဲ့ထွင်ရန်နှင့် ကမ္ဘာတစ်ဝန်း လူ့အခွင့်အရေးအလားအလာများ ပေါ်ထွန်းလာစေရေးအတွက် ၎င်းတို့၏ ဇာတ်ကြောင်းများကို ဝေမျှကာ နည်းလမ်းများကို ခေါင်းချင်းဆိုင်အဖြေရှာသည့် ဖိုရမ်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required