တရုတ်သည် တိဗက်လူမျိုးများ၏စိတ်ဓာတ်ကို မပြောင်းလဲနိုင်ခဲ့ကြောင်း ဒလိုင်းလားမား ပြောကြား

By Tibet Rights Collective
24 May 2022
တရုတ်သည် တိဗက်လူမျိုးများ၏စိတ်ဓာတ်ကို မပြောင်းလဲနိုင်ခဲ့ကြောင်း ဒလိုင်းလားမား ပြောကြား

တရုတ်ကွန်မြူနစ်ပါတီသည် တိဗက်လူမျိုးများ၏ စိတ်ဓာတ်ကို ပြောင်းလဲရန်ကြိုးစားရာတွင် အောင်မြင်မှု မရခဲ့ကြောင်း ဒလိုင်းလားမားက မေ ၁၉ ရက်တွင် ပြောကြားလိုက်သည်။

တိဗက်ရေးရာအမေရိကန်အထူးညှိနှိုင်းရေးမှူး အူဇရာဇီယာသည် ရှားရှားပါးပါးခရီးစဉ်အဖြစ် ဝါရှင်တန်မှ ဒါရမ်ရှာလာမြို့သို့လာရောက်တွေ့ဆုံရာတွင် အဝေးရောက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားက အမေရိကန်နှင့်အိန္ဒိယနိုင်ငံတို့၏ ဒီမိုကရေစီဆန်သောလွတ်လပ်ခွင့်များကို အမွှမ်းတင်ခဲ့သည်။

အစည်းအဝေးတွင် တိဗက်ယဉ်ကျေးမှုထိန်းသိမ်းခြင်းနှင့်ကမ္ဘာကြီးအတွက် ၎င်း၏အရေးပါမှုတို့ကို ဆွေးနွေးခဲ့ကြောင်း ဒါရမ်ရှာလာမြို့ရှိ ဗဟိုတိဗက်အုပ်ချုပ်ရေးဥက္ကဋ္ဌ ပန်ပါဆာရင်က ပြောကြားခဲ့သည်။

“တိဗက်လူမျိုးတွေရဲ့ စိတ်ကို ပြောင်းလဲဖို့ ကြိုးစားရာမှာ တရုတ်ဟာ လုံးဝ မအောင်မြင်ခဲ့ပါဘူး။

နောက်ပြီးတော့ တရုတ်ရဲ့ အတွေးအခေါ်ကလည်း လျင်မြန်စွာ ပြောင်းလဲနေပါတယ်။ ဆိုရှယ်လစ်ဝါဒနှင့် မာ့က်စ်ဝါဒတွေလည်း ပျောက်ကွယ်သွားကုန်ပါပြီ” ဟု ဒလိုင်းလားမားက ဆိုသည်။

၁၄ ဆက်မြောက်ဒလိုင်းလားမားသည် ဘာသာရေးသမားအဖြစ်အသွင်ဆောင်ထားသော နိုင်ငံရေးဆိုင်ရာ ပြည်ပြေးတစ်ယောက်ဖြစ်ကြောင်းနှင့် တရုတ်ဆန့်ကျင်သော ခွဲထွက်ရေးလှုပ်ရှားမှုများတွင် ပါဝင်ကာ တိဗက်ကို တရုတ်မှ ခွဲထုတ်ရန် ကြိုးပမ်းနေသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောင်လီကျန်း က စွပ်စွဲထားသည်။

“တိဗက်ဟာ တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ တိဗက်ရဲ့ ဘာသာရေးကိစ္စတွေဟာ တရုတ်ပြည်တွင်းရေး ကိစ္စတွေပါ။ အမေရိကန်ကခန့်ထားတဲ့ တိဗက်ရေးရာ အထူးညှိနှိုင်းရေးမှူးဟာ တရုတ်ရဲ့ပြည်တွင်းရေး ကိစ္စတွေမှာ အနှောင့်အယှက်တစ်ခုပါပဲ။ တရုတ်အနေဲ့ ဒါကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး ဘယ်တော့မှ အသိအမှတ်မပြုပါဘူး” ဟု မစ္စတာလီကျန်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly