ပါကစ္စတန်နိုင်ငံ၊ ကရာချိမြို့တွင် ပေါက်ကွဲမှုကြောင့် တရုတ်နိုင်ငံသား ၃ ဦးသေဆုံးပြီး သီတင်းပတ်များ အကြာတွင် ကရာချိတက္ကသိုလ်၏ ကွန်ဖြူးရှပ် အင်စတီကျူ၌ သင်ကြားပို့ချနေသော သင်တန်းဆရာများကို တရုတ်အစိုးရက ပြန်လည်ခေါ်ယူခဲ့သည်။
၂၀၁၃ ခုနှစ်တွင် ကရာချိတက္ကသိုလ်၏ ကွန်ဖြူးရှပ် အင်စတီကျူကို တရုတ်သာမန်တက္ကသိုလ်နှင့် ပူးပေါင်း တည်ထောင်ခဲ့သည်။
အင်စတီကျူက တရုတ်နှင့် ပါကစ္စတန်ကြား ပြည်သူအချင်းချင်း ဖလှယ်မှု တိုးမြှင့်ရန်နှင့် မန်ဒရင်းဘာသာ စကား သင်ကြားရန် ရည်ရွယ်သည်။
ဧပြီလ ၂၆ ရက်က ကရာချိတက္ကသိုလ်ရှိ ကွန်ဖြူးရှပ် အင်စတီကျူ့အပြင်ဘက်တွင် တရုတ်နိုင်ငံသားများကို ပစ်မှတ်ထား၍ အသေခံ ဗုံးခွဲတိုက်ခိုက်ပြီးနောက်တွင် တရုတ်နိုင်ငံသားသင်တန်းပို့ချသူများ တရုတ်နိုင်ငံသို့ ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်။
အဆိုပါ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် တရုတ်နိုင်ငံသား ၃ ဦးအပါအဝင် လူ ၄ ဦး သေဆုံးခဲ့သည်။
ကရာချိတက္ကသိုလ်သာမက ပါကစ္စတန်ရှိ တခြားသော ကွန်ဖြူရှပ် အင်စတီကျူ့များမှ ဆရာ၊ ဆရာမများကို တရုတ်နိုင်ငံသို့ ပြန်လည်ခေါ်ယူခဲ့ကြောင်း အဆိုပါဌာန၏ ဒါရိုက်တာက မေလ ၁၅ရက်တွင် Geo News သို့ ပြောကြားခဲ့သည်။
ဒါရိုက်တာ ဒေါက်တာ နာဆာအူဒင်က အင်စတီကျူကို ပိတ်မည် မဟုတ်ကြောင်း ပြောကြားခဲ့ပြီး ပါကစ္စတန် ဆရာများကို မန်ဒရင်းဘာသာစကားသင်ကြားရာမှာ အကူအညီပေးရန် တောင်းဆိုထားကြောင်း ထပ်လောင်းဆိုသည်။
ဧပြီလက ကရာချိမြို့ရှိ မီနီဘတ်စ်ကားတစ်စီး တိုက်ခိုက်ခံရပြီးနောက် ပါကစ္စတန်ရှိ တရုတ်လုပ်သားများကို ကာကွယ်ရန် ပါကစ္စတန်၏ စွမ်းရည်အပေါ် တရုတ်၏ ယုံကြည်မှု ကျဆင်းသွားခဲ့သည်။