အမေရိကန်က တိဗက်အရေးကို အသုံးချကာ ပြည်တွင်းရေးဝင်စွက်ဖက်နေဟု တရုတ် စွပ်စွဲ

By Tibet Rights Collective
22 May 2022
အမေရိကန်က တိဗက်အရေးကို အသုံးချကာ ပြည်တွင်းရေးဝင်စွက်ဖက်နေဟု တရုတ် စွပ်စွဲ

တိဗက်နှင့်ဆက်စပ်သော အရေးကိစ္စများကိုအသုံးချ၍ တရုတ်၏ပြည်တွင်းရေးကို စွက်ဖက်ခြင်းမပြုရန် တရုတ်က အမေရိကန်အား သတိပေးလိုက်သည်။

တရုတ်နိုင်ငံခြားရေးဌာနပြောရေးဆိုခွင့်ရှိသူ ကျောင်လီကျန်းက အမေရိကန်အနေဖြင့် တိဗက်ကို တရုတ်နိုင်ငံ၏ တစ်စိတ်တစ်ပိုင်းအဖြစ် အသိအမှတ်ပြုရန်၊ တိဗက်၏ လွတ်လပ်ရေးကို ထောက်ခံခြင်းမပြုရန်နှင့် တိဗက် အရေးများ ဖြင့် တရုတ်ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမှ ရပ်တန့်ရန် လုပ်ဆောင်သင့်သည်ဟု ပြောကြားခဲ့သည်။ .

အမေရိကန်သည် တရုတ်ဆန့်ကျင်သော ခွဲထွက်ရေးစစ်ဆင်ရေးများကို ကူညီနေခြင်းအား ရပ်တန့်သင့် ကြောင်းနှင့် တရုတ်နိုင်ငံသည် ၎င်း၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် စီးပွားရေး အကျိုးစီးပွားများကို ကာကွယ်ရန် လိုအပ်သော ခြေလှမ်းများကို လုပ်ဆောင်မည်ဖြစ်ကြောင်းလည်း သတိပေးခဲ့သည်။

တိဗက်ရေးရာ အမေရိကန်အထူးညှိနှိုင်းရေးမှူး အူဇရာဇီယာနှင့် အဝေးရောက် တိဗက်အစိုးရအကြီးအကဲတို့ အိန္ဒိယ၌ မေ ၁၈ ရက်က တွေ့ဆုံမှုနှင့်ပတ်သက်၍ ယခုကဲ့သို့ ပြောကြားလာခြင်းဖြစ်သည်။

အမေရိကန်ကခန့်အပ်ထားသော တိဗက်ရေးရာအထူးညှိနှိုင်းရေးမှူးသည် တရုတ်ပြည်တွင်းရေးကိစ္စများတွင် အနှောင့်အယှက်တစ်ခုဖြစ်သည်ဟုလည်း
ကျောင်လီကျန်းကပြောသည်။ 

ကျောင်လီကျန်းက တိဗက်အရေးသည် တရုတ်နိုင်ငံ၏ပြည်တွင်းရေးကိစ္စဖြစ်ပြီး အခြားအင်အားစုများက ဝင်ရောက်စွက်ဖက်ခြင်းမပြုသင့်ဟု အလေးပေးပြောကြားခဲ့သည်။ တိဗက်ကို တရုတ်နိုင်ငံ၏ အစိတ်အပိုင်းတစ်ခုအဖြစ် အသိအမှတ်ပြုရန်နှင့် တိဗက်လွတ်လပ်ရေးကို အားပေးခြင်းမပြုရန်လည်း အမေရိကန်အား တိုက်တွန်းခဲ့သည်။

တရုတ်တို့ တိုက်ခိုက်မှုအပြီး ၁၉၅၉ ခုနှစ်ကတည်းက ယယ်ဝါရင်ပိုချီဟု သိကြသော ၁၄ ဆက်မြောက် ဒလိုင်းလားမားသည် အိန္ဒိယတွင် ခိုလှုံ နေထိုင်လျက်ရှိသည်။ ဟီမာချယ်ပြည်နယ်ရှိ ဒါရမ်ရှာလာမြို့သည် အဝေးရောက်တိဗက်အစိုးရ ရုံးစိုက်ရာမြို့ဖြစ်ပြီး အိန္ဒိယတွင် တိဗက်လူမျိုး ၁၆၀ ၀၀၀ ကျော် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly