တတိယအကြိမ်သမ္မတသက်တမ်းအတွက်ပြင်ဆင်နေသည့် ရှီကျင့်ဖျင်က အငြိမ်းစားပါတီဝင်များကို နှုတ်ဆိတ်နေစေရန်ကြိုးပမ်း

တတိယအကြိမ်သမ္မတသက်တမ်းအတွက်ပြင်ဆင်နေသည့် ရှီကျင့်ဖျင်က အငြိမ်းစားပါတီဝင်များကို နှုတ်ဆိတ်နေစေရန်ကြိုးပမ်း

ဝန်ကြီးချုပ်ဟောင်း ကျူရုံချီ အပါအဝင် တရုတ်ကွန်မြူနစ်ပါတီမှ ပါတီဝင်အများအပြားသည် ခေါင်းဆောင်မှုဆက်ခံသည့်ပါတီစနစ်ကို ဖောက်ဖျက်မည့် တရုတ်သမ္မတရှီကျင့်ဖျင်၏ အရွေ့နှင့် ယခုနှစ်တွင် ပြန်လည်အရွေးခံမည့်အစီအစဉ်ကို ဆန့်ကျင်ကြောင်း မကြာသေးမီက ထုတ်ဖော်ပြောဆိုခဲ့သည်ဟု RFA က ဖော်ပြခဲ့သည်။

ရှီကျင့်ဖျင်သည် သမိုင်းဝင်တတိယသမ္မတသက်တမ်း ရယူရန် ကြိုးပမ်းနေချိန်တွင် အပျက်သဘောဆောင်သော နိုင်ငံရေးသဘောထားမှတ်ချက်များ မပြောကြားရန်နှင့် သမ္မတနှင့် သဘောထားကွဲလွဲနေသည့် အကြောင်း အရာများအပေါ် နှုတ်ဆိတ်နေရန် ငြိမ်းစားသက်ကြီးရွယ်အိုပါတီဝင်များအားလုံးကို တောင်းဆိုထားသည်။

ပါတီ၏အာဘော်ဖြစ်သော People's Daily သတင်းစာ၌ “ခေတ်သစ်တွင် အငြိမ်းစား ကေဒါများအကြား ပါတီတည်ဆောက်မှုအားကောင်းလာစေရေး သဘောထားအမြင်” ဟူသော ဆောင်းပါးတွင် အငြိမ်းစား ပါတီဝင်အားလုံးအား သက်ဆိုင်ရာစည်းမျဉ်းများကို မလွဲမသေလိုက်နာရန် တောင်းဆိုထားသည်။

အဆိုပါ ညွှန်ကြားချက်များကိုလိုက်နာစေနေရးအတွက် ပါတီမှ အငြိမ်းစားသက်ကြီးရွယ်အိုများကို တိုက်တွန်းရန်  တရုတ်ကွန်မြူနစ်ပါတီကော်မတီများအားလုံးကိုလည်း ညွှန်ကြားထားကြောင်း RFA သတင်းတွင် ဖော်ပြထား သည်။

အငြိမ်းစား တရုတ်ကွန်မြူနစ် ပါတီဝင်များ မလွဲမသေလိုက်နာရမည့် စည်းမျဉ်းသစ်များသည် တရုတ်ဝန်ကြီးချုပ်ဟောင်း ကျူရုံချီ၏ မှတ်ချက်များအပေါ် တုံ့ပြန်ခြင်းဖြစ်နိုင်ပေသည်။

မော်စီတုံးလက်ထက်ကတည်းက ခေါင်းဆောင်များကို သက်တမ်း ၂ ကြိမ်သာသတ်မှတ်ထားသောကြောင့် ရှီ၏ တတိယသမ္မတသက်တမ်းအတွက် ကြိုးပမ်းမှုကို ကျူရုံချီ (၉၄ နှစ်) က သဘောမကျဖြစ်နေခဲ့ကြောင်း Wall Street Journal ၌ ဖော်ပြထားသည်။

ပါတီကေဒါများသည် ပဓာနကျသော အမှားအမှန်ကို ရင်ဆိုင်ရာတွင် အခိုင်အမာရပ်တည်ရန်၊ ပါတီအပေါ် သစ္စာရှိရန်၊ ပါတီ၏ အမိန့်ကို နာခံရန်၊ ပါတီနှင့် ပတ်သက်၍ တာဝန်သိစွာ ဆောင်ရွက်ရမည်ဟု စည်းကမ်းထုတ်ထားကြောင်း People's Daily ၏ ဆောင်းပါးတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required