တနင်္သာရီတွင် စစ်ကောင်စီတပ်က အကြမ်းဖက်ဖမ်းဆီး ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကလေးငယ် ၁ ဦး အပါဝင် ပြည်သူ ၅ ဦး သေဆုံး

By ကိုရွှေမြိတ်
22 May 2022
တနင်္သာရီတွင် စစ်ကောင်စီတပ်က အကြမ်းဖက်ဖမ်းဆီး ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကလေးငယ် ၁ ဦး အပါဝင် ပြည်သူ ၅ ဦး သေဆုံး

တနင်္သာရီ၊မေလ(၂၂)

မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရှိ တကူတိုက်နယ်နှင့် သာရဘွင်ကျေးရွာတို့တွင် ပြီးခဲ့သည့်ရက်ပိုင်းက ကလေးငယ်တစ်ဦးအပါဝင် အပြစ်မဲ့ပြည်သူငါးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးပစ်ခတ်သတ်ဖြတ်ခဲ့ ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါဒေသတွင် မေလ ၂၀ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့မှ တကူတိုက်နယ်နှင့်သာရဘွင်ကျေးရွာအုပ်စု တို့ရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်မှုများပြုလုပ်ပြီးနောက်ရွာထဲရှိ စိတ်ဝေဒနာရှင် အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦးကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သလို ပြည်သူလေးဦးကိုဖမ်းဆီးကာ ဦးခေါင်းဖြတ်ပစ်သတ်ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

တကူကျေးရွာနေဒေသခံတစ်ဦးက “တိုက်ပွဲမဖြစ်ခင်ကတည်းက စစ်ကောင်စီတပ်တွေ ရွာထဲ ဝင်လာချိန် မှာ ဒေသခံတွေ နေအိမ်တွေပိတ်ပြီး ထွက်ပြေးခဲ့တာပါ။ ဒါပေမယ့် ရွာစွန်ရွာဖျားကဒေသခံတွေ စစ်တပ်က ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့တာ ခံခဲ့ရပါတယ်”ဟု ပြောသည်။

ထို့အပြင် သာရဘွင်ကျေးရွာရှိ စစ်ကောင်စီသတင်းပေးဒလန်များ၏ ညွှန်ပြမှုကြောင့် ယခင်အစိုးရလက် ထက်က တိုင်းဒေသကြီးလျှပ်စစ်ဝန်ကြီးဟောင်း ဦးအောင်သူရ၏ ယောက္ခမနေအိမ်အပါဝင် အိမ်ငါးလုံး ထက်မနည်း စစ်ကောင်စီတပ်က မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရ သည်။

လက်ရှိတွင် စစ်ကောင်စီတပ်က ရွာထဲရှိနေရာအချို့တွင် တပ်စွဲထားခြင်းကြောင့် စစ်ရှောင်ပြည်သူများ နေအိမ်သို့ပြန်နိုင်ခြင်းမရှိသေးသည့်အပြင် ဖမ်းဆီးသတ်ဖြတ်ခံရမှု ယခုထက်မနည်းရှိနိုင်ကြောင်း ဒေသခံ များကဆိုသည်။

တိုက်ပွဲပြင်းထန်နေသည့် ယင်းဒေသတွင် မေလ ၂၁ ရက်နေ့က ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ မွန်းတည့် ၁၂ နာရီတွင် တစ်ကြိမ် ညနေ့ ၄ နာရီတွင်တစ်ကြိမ် တိုက်ပွဲနှစ်ကြိမ် ဖြစ် ပွားခဲ့ကာ စစ်ကောင်စီတပ်မှ လက်နက်ကြီး အချက် ၂၀ နီးပါးကျော် ပစ်ခတ်ခဲ့သော်လည်း ဘတ်မလိုက် ပြောက်ကျားတပ်ဖွဲ့မှ ထိခိုက်ကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

လက်ရှိတွင် တကူတိုက်နယ်အတွင်းရှိ သံတိုက်၊ ရွာမ၊ အင်းရှည်ကုန်း၊ ပြည်အေး၊ တကူငယ်၊ အလယ်ပိုင်း၊ လမိုင်းကော့၊ သာရဘွင်၊ အရှေ့ကမ်း၊ ကျောက်တောင်၊ စံပယ်ကုန်း၊ သာယာကုန်း၊ မယ်ငေါ့၊ တလိုင်းတပ် ရွာများစသည့်ကျေးရွာများမှ ပြည်သူ ၁၄,၀၀၀ နီးပါးသည် တိုက်ပွဲကြောင့် ကျေးရွာများကိုစွန့်ခွာထွက်ပြေး နေရကာ မိုးများရွာသွန်းနေသည့်အတွက် စစ်ဘေးရှောင်ပြည်သူများ ဒုက္ခရောက်နေရသည်ဟု သိရသည်။

#Mizzima

#တနင်္သာရီမြို့နယ်

#အကြမ်းဖက်ဖမ်းဆီး

#ပစ်ခတ်သတ်ဖြတ်

#စစ်ကောင်စီတပ်

#ဦးခေါင်းဖြတ်ပစ်သတ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly