ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ ၊ အကျအဆုံးများဟုဆို

20 May 2022
ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ ၊ အကျအဆုံးများဟုဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ ညောင်လှကျေးရွာသို့ ဦးတည် စစ်ကြောင်း ထိုးလာသည့် စစ်ကောင်စီတပ်ကို ကာကွယ်ရေးမဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက မေလ ၁၉ ရက် ညနေ ၄ နာရီတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကျအဆုံး များနိုင်ကြောင်း နတ်ဆိုးပြောက်ကျားတပ်ဖွဲ့ထံက သိရသည်။

ပြီးခဲ့သည့် မေလ ၁၈ ရက်နေ့တွင် အင်အား ၁၀၀ ကျော်ပါရှိသည့် စစ်ကောင်စီ စစ်ကြောင်းသည် ရေဦးမြို့နယ် ရွာသာလေးကျေးရွာမှ စတင်၍ အနီးရှိကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုမှတဆင့် ဒီပဲယင်းမြို့နယ် သရက်တော ညောင်လှကျေးရွာကို ဦးတည် စစ်ကြောင်းထိုးလာစဉ် ကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်။

“ မနေ့က ညနေ ၄ နာရီလောက်မှာ မိုင်းဆွဲတိုက်ခိုက်လိုက်တာပါ။ ဒီပဲယင်းမြို့နယ် သရက်တော ညောင်လှကျေးရွာကို ဦးတည်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို လယ်တွေကြားမှာ မိုင်းဆွဲတိုက်ခိုက်လိုက်တာဖြစ်ပါတယ်။ သုံးယောက်မိုင်းထိပြီး လေထဲ မြောက်သွားတယ်” ဟု နတ်ဆိုးပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ ကိုဂျိမ်းစ်က ပြောသည်။

ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခြင်းခံရသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် စစ်ဘေးရှောင် ပြည်သူများရှိနေသည့် နေရာများသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း နတ်ဆိုးပြောက်ကျားတပ်ဖွဲ့ထံက သိရသည်။

“မိုင်းဆွဲခံရတော့ ပြည်သူတွေရှိတဲ့ ဘက်ကို လက်နက်ကြီးနဲ့ပစ်တာ စစ်ဘေးရှောင်ငါးဦး သေဆုံးခဲ့ပါတယ်။ ပြီးတော့ ဒီခွေးကြောင်း(စစ်ကောင်စီတပ်စစ်ကြောင်း) က ရှေ့ကို ဆက်တိုးလာတယ်။ ကျွန်တော်တို့က အနီးကပ် လယ်နှစ်ကွက်ကျော်ကနေ နေရာ ကောင်းကောင်း ယူထားနိုင်လို့ စိတ်ကြိုက်ပစ်ခတ်နိုင်ခဲ့တယ်။ ခွေး (စစ်ကောင်စီတပ်ဖွဲ့ဝင်) ၄၀ လောက်ရမယ် ခန့်မှန်းထားပါတယ်။ သေသွားတဲ့ ခွေး( စစ်ကောင်စီတပ်ဖွဲ့ဝင်) သေတွေကို မနေ့ညက သရက်တောရွာကို မီးရှို့တော့ ထည့်ရှို့လိုက်ကြတယ်” ဟု နတ်ဆိုးပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ ကိုဂျိမ်းစ်က ပြောသည်။

အဆိုပါတိုက်ခိုက်မှုတွင် ကာကွယ်ရေးမဟာမိတ် ပူးပေါင်းတပ်ဖွဲ့များမှ တော်လှန်ရေး ရဲဘော်တစ်ဦး ကျည်ရှပ်ထိမှန်(မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ပြီး အကျအဆုံးမရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။

တိုက်ခိုက်မှုကို ရွေဘိုင်ခရိုင်တပ်ရင်း (၄) ၊(၅)၊(၉)၊(၁၂) နှင့် နတ်ဆိုးပြောက်ကျားတပ်ဖွဲ့၊ KUGF၊ မဟူရာကျွဲရိုင်း၊ RDDF၊ Ye-U Freedom Comrades နှင့် YFC(ပြည်သူကာကွယ်ရေးအဖွဲ့ ရေဦး) တို့ မဟာမိတ်အဖြစ် ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး

မေလ ၁၈ ရက်နေ့က စတင်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ရေဦးမြို့နယ် ရွာသာလေးရွာကို ဝင်ရောက်၍ အရပ်သားပြည်သူတစ်ဦးကို လမ်းပြအဖြစ် ခေါ်ဆောင်ခဲ့သည်။ ထို့နောက် ကုက္ကိုလ်စုရွာ၊ မူးသာကုန်ရွာ၊ ပိဋကတ်ကျရွာ၊ ဇိန့်ဇွန်း အနောက်ရွာ၊ ပေါက်သာရွာနှင့် ဒီပဲယင်းမြို့နယ် ချောင်းပေါက်ရွာများကို ဝင်ရောက်မွှေနှောက်၍ နေအိမ် ၃၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီတပ်သည် ကျေးရွာများကို လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ပြီး ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်ပြည်သူ ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ငါးဦး သေဆုံးခဲ့ကြောင်း သိရသည်။

ယနေ့ မေလ ၂၀ ရက်နေ့တွင် စစ်ကောင်စီတပ်စစ်ကြောင်းသည် ဒီပဲယင်းမြို့နယ် ပင်စည်ကျေးရွာသို့ ရောက်ရှိနေပြီး အဆိုပါ ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ပူးပေါင်းလျက်ရှိကြောင်း ကာကွယ်ရေးတပ်ဖွဲ့များထံက သိရသည်။

#Mizzima

#ဒီပဲယင်း

#စစ်ကိုင်းတိုင်း

#စစ်ကောင်စီတပ်

#မိုင်းဆွဲတိုက်ခိုက်ခံရ

#အကျအဆုံးများ

#မီးရှို့

#လက်နက်ကြီးပစ်ခတ်

#နတ်ဆိုးပြောက်ကျား

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly