သေ့ဘောဘိုးစခန်း တိုက်ပွဲတွင် စစ်ကောင်စီတပ်သားများ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေး

20 May 2022
သေ့ဘောဘိုးစခန်း တိုက်ပွဲတွင် စစ်ကောင်စီတပ်သားများ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေး

ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက်၊ သေ့ဘောဘိုးကျေးရွာ အနီးရှိ သေ့ဘောဘိုး စစ်ကောင်စီစခန်းကို KNLA၊ KNDO၊ PDF ပူးပေါင်း တပ်ဖွဲ့က မေလ ၁၈ ရက် နေ့လယ်ပိုင်းတွင် တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိုင်းနိုင်ငံ ဘက်ခြမ်းသို့ ထွက်ပြေးခဲ့ကြောင်း သိရသည်။

မေလ ၁၉ ရက် နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်သား အချို့ သေ့ဘောဘိုးကျေးရွာ အဝင် ဆုင်းဘုတ် အနီးမှ မြဝတီ-ဝေါ်လေ ကားလမ်းကို ဖြတ်သန်း၍ သောင်းရင်းမြစ်ကို ဖြတ်ကူး ထွက်ပြေးခဲ့ကြောင်း တိုက်ပွဲတွင် ပါဝင်သည့် Cobra စစ်ကြောင်းက ထုတ်ပြန်သည်။

“ကျွန်တော်တို့က သူတို့နောက်ကို ဒရုန်းနဲ့ လိုက်တာ၊ သူတို့က ထိုင်းဘက်ကို ကူးသွားတော့ နယ်စပ်မျဉ်း ကျော်သွားလို့ ပစ်လို့ မရတော့ဘူး။ ၁၀ ယောက်လောက်ရှိတယ်။ ထိုင်းစစ်သားတွေက ကားနဲ့ အသင့် စောင့်နေတာဗျ။ သူတို့ကို မြဝတီ ပြန်ပို့လိုက်တယ် ဆိုတာတော့ မသိသေးဘူးဗျ” ဟု Cobra စစ်ကြောင်း ပြန်ကြားရေးတာဝန်ခံ ကိုမျိုးသူရကိုကို က ပြောသည်။

စစ်ကောင်စီတပ်သားများ သောင်းရင်းမြစ် ဖြတ်ကူးစဉ် ကျန်ရစ်ခဲ့သော MA-2 သေနတ် တစ်လက်အား သိမ်းဆည်း ရမိခဲ့ကြောင်း ၎င်းက ဆိုသည်။

ထိုင်းနိုင်ငံဘက်အခြမ်းတွင် အသင့် စောင့်ဆိုင်းနေသော ထိုင်းစစ်တပ်က ကားနှစ်စီးဖြင့်

စစ်ကောင်စီတပ်သားများအား ၎င်းတို့ သယ်ဆောင်လာသည့် လက်နက်နှင့်အတူ သယ်ဆောင်သွားခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်သား ၁၁ ဦးကို ထိုင်းဘက်ခြမ်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း မဲဆောက် သတင်းအရင်းအမြစ်များ ထံမှ သိရပြီး မြန်မာဘက်ခြမ်း ပြန်လည် ပို့ဆောင်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း မဇ္ဈိမက အတည်မပြုနိုင်သေးပေ။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဒုတပ်ရင်းမှူး အပါအဝင် အနည်းဆုံး ငါးဦး သေဆုံးကာ တပ်ကြပ်ကြီး အပါအဝင် တပ်သား ခြောက်ဦးနှင့် လက်နက် အများအပြား ဖမ်းဆီးရမိခဲ့ပြီး KNU ပူးပေါင်းတပ် ဘက်မှ သုံးဦး ကျဆုံးကာ လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

#Mizzima

#Cobra စစ်ကြောင်း

#KNU

#ထိုင်းနိုင်ငံ

#သေ့ဘောဘိုးစခန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly