ရန်ကုန် ဇေယျာသီရိစစ်ရုံးချုပ်ဝင်ပေါက်အနီး ပေါက်ကွဲမှုဖြစ်

ရန်ကုန် ဇေယျာသီရိစစ်ရုံးချုပ်ဝင်ပေါက်အနီး ပေါက်ကွဲမှုဖြစ်

မေ ၂၀

ရန်ကုန်မြို့၊ ၈ မိုင်လမ်းဆုံ ရန်ကုန်တိုင်းစစ်ဋ္ဌာနချုပ် ဝင်ပေါက်ကင်းအနီး ယနေ့ မေ ၂၀ ရက်နံနက်က ပေါက်ကွဲမှုတစ်ခုဖြစ်ပြီး သေနတ်သံကြားရကြောင်း ဒေသခံများက မဇ္ဈိမကိုပြောသည်။

နံနက် ၈ နာရီခွဲ ဝန်းကျင်အချိန်ခန့်တွင် ပေါက်ကွဲမှုနှင့်ပစ်ခတ်မှုသည် စစ်ကောင်စီတပ်လုံခြုံရေးများတင်းကြပ်လေ့ရှိသည့် ဇေယျာသီရိစစ်ရုံးဝင်ပေါက်အနီး ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ ပစ်ခတ်သံတွေတော့ ကြားလိုက်တယ်။ ပေါက်ကွဲသံ တစ်သံလည်းကြားတယ်။ အဲ့လိုအသံကြားပြီးနောက်ပိုင်း ကားတွေ ပြည်လမ်းတစ်လျှောက် ပိတ်တော့တာပဲ။ တိုင်းစစ်ဋ္ဌာနချုပ် အပေါက်ဝ ဘယ်ဘက်နဲ့ ညာဘက်အခြမ်းတွေမှာ ကင်းတွေရှိတယ်လေ။ အဲ့ဒီမှာ ဖြစ်တာ။ မိုးကလည်းရွာနေတော့ အလစ်ကို ဝင်တွယ်တာလည်းဖြစ်နိုင်တယ်။” ဟု ဆိုသည်။

လက်ရှိတွင် ၇ မိုင်ခွဲ နှင့် ၈မိုင်လမ်းဆုံအကြားတွင် လုံခြုံရေးများ ချထားသည်ကိုတွေ့ရှိရပြီး၊ ယာဉ်တန်းများပိတ်ဆို့မှုဖြစ်ပေါ်နေကြောင်း၊ ၈ မိုင် တံတားပေါ်တွင်လည်း လုံခြုံရေးများချထားသည်ကို တွေ့ရကြောင်း ယင်းအနီး မောင်းနှင်ခဲ့သည် တက္ကစီယာဉ်မောင်တစ်ဦးက ဆိုသည်။

“ တံတားကိုတော့ ပိတ်ထားတယ်ကြားတယ်။ လုံခြုံရေးမှာ အမည်းဝတ်စုံတွေနဲ့ ကျွန်တော့်အထင် SWAT တွေလို့တော့ ထင်တာပဲံဗျ။ အခုထိရှိနေတယ်။ ကင်းတွေစောင့်နေတာက လွဲလို့ ကျန်တာက ပုံမှန်အတိုင်း ပါဘဲ။ အချို့ယာဉ်တွေကို စစ်ဆေးခံနေရတာတွေ့တယ်” ဟု သူမြင်တွေ့ခဲ့ပုံကို ရှင်းပြသည်။

ပုံမှန်အားဖြင့်လည်း လမ်းဆုံဂုံးကျော်တံတားအောက်ဘက်တွင် သဲအိတ်ဘန်ကာများဖြင့် စစ်ကောင်စီတပ်ကတပ်စွဲလေ့ရှိသည်။

အဆိုပါနေရာတွင် ယမန်နေ့ညနေကတည်းက လုံခြုံရေးစစ်ဆေးမှုများ စစ်ကောင်စီတပ်က လုပ်ဆောင်ခဲ့သေးသည်။

Archive ဓာတ်ပုံ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly