ဖင်လန်နှင့် ဆွီဒင်တို့ နေတိုးအဖွဲ့ဝင်ဖြစ်ရေး လျှောက်လွှာများကို တင်သွင်းပြီ

ဖင်လန်နှင့် ဆွီဒင်တို့ နေတိုးအဖွဲ့ဝင်ဖြစ်ရေး လျှောက်လွှာများကို တင်သွင်းပြီ
Photo - AFP

မေ ၁၈

ဖင်လန်နိုင်ငံနှင့် ဆွီဒင်နိုင်ငံတို့သည် အမေရိကန် ဦးဆောင်သော နေတိုးမဟာမိတ်အုပ်စုထဲ ဝင်ရောက်ရန် ၎င်းတို့၏ လျှောက်လွှာများကို မေလ ၁၈ ရက်တွင် တင်သွင်းလိုက်ပြီ ဖြစ်သည်။

ယူကရိန်းအပေါ် ရုရှ၏ ကျူးကျော်မှုက ဆယ်စုနှစ်များစွာကြာ စစ်ရေး ဘက်မလိုက် ဝါဒကို အဆုံးသတ်စေခဲ့သည်။

“ဒီနေ့မှာ ခင်ဗျားတို့ရဲ့ လျှောက်လွှာတင်သွင်းမှုက သမိုင်းဝင် ခြေလှမ်းတစ်ခု ဖြစ်ပါတယ်။ နေတိုးအဖွဲ့ထဲ ခင်ဗျားတို့ ဝင်နိုင်ဖို့အတွက် မဟာမိတ်တွေအနေနဲ့ နောက်ထပ် လုပ်ဆောင်ချက်အဆင့်တွေကို ခုချိန်မှာ စဉ်းစားသွားပါမယ်” ဟု နေတိုး အကြီးအကဲ ယန်းစ် စတိုလ်တန်ဘာ့ဂ်က နေတိုးဌာနချုပ်၌ ဖင်လန်နှင့် ဆွီဒင်သံအမတ်များ တင်သွင်းသော လျှောက်လွှာများကို လက်ခံပြီးနောက် ပြောသည်။

နေတိုးအဖွဲ့ဝင်ဖြစ်ရေး ဖင်လန်နှင့် ဆွီဒင်တို့၏ ကြိုးပမ်းချက်က ဆယ်စုနှစ်များအတွင်း နေတိုးအုပ်စု၏ အရေးအပါဆုံး ချဲ့ထွင်မှု ဖြစ်လာနိုင်ပြီး ယင်းက ရုရှနှင့်အကြား  နေတိုး၏ နယ်စပ်ကို နှစ်ဆဖြစ်စေရန် ရှိနေသည်။ ဖင်လန်နှင့် ဆွီဒင်တို့၏ လုပ်ဆောင်ချက်ကြောင့် မော်စကိုထံမှ တုံ့ပြန်မှုတစ်ခုကို ဖြစ်ပေါ်စေနိုင်ကြောင်း ရုရှသမ္မတ ဗလာဒီမာ ပူတင်ကလည်း သတိပေးထားသည်။

သို့သော် ဖင်လန်နှင့် ဆွီဒင်၏ လျှောက်ထားမှုများကို နေတိုးအဖွဲ့ဝင် တူရကီနိုင်ငံက ကန့်ကွက်နေပြီး ၎င်းတို့ကို တားဆီးမည်ဟု ခြိမ်းခြောက်ထားသည်။ နောဒစ် နိုင်ငံများသည် အန်ကာရာကို ဆန့်ကျင်သော လက်နက်ကိုင်အဖွဲ့များအတွက် ဘေးကင်းလုံခြုံရာနေရာများအဖြစ် ရှိနေခဲ့သည်ဆိုပြီး တူရကီက စွပ်စွဲထားသည်။

“မဟာမိတ် အားလုံးရဲ့ လုံခြုံရေး အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားရပါလိမ့်မယ်။ ကိစ္စအားလုံးကနေတဆင့် ဆောင်ရွက်ပြီး မြန်မြန်ဆန်ဆန် ပြီးပြတ်မှုတွေ ရအောင် လုပ်ဖို့ ကျွန်တော်တို့ စိတ်ပိုင်းဖြတ်ထားပါတယ်” ဟု စတိုလ်တန်ဘာ့ဂ်က ပြောသည်။

“နေတိုးအုပ်စု တိုးချဲ့မှုက အရေးကြီးတယ်ဆိုတာကို မဟာမိတ်အားလုံးက သဘောတူပါတယ်။ ကျွန်တော်တို့ဟာ အတူတကွ ရပ်တည်ရလိမ့်မယ်ဆိုတာ ကျွန်တော်တို့အားလုံး သဘောတူပါတယ်။ ဒါဟာ ကျွန်တော်တို့ ဖမ်းဆုပ်ကိုင်ရမယ့် သမိုင်းဝင်အခိုက်အတန့်တစ်ခု ဖြစ်တယ်ဆိုတာ ကျွန်တော်တို့အားလုံး သဘောတူပါတယ်” ဟု ၎င်းက ပြောသည်။

ဖင်လန်၊ ဆွီဒင်နှင့် အခြားသော အနောက်အုပ်စု မဟာမိတ်များက ၎င်းတို့အနေဖြင့် တူရကီ၏ ကန့်ကွက်မှုများကို ကျော်လွှားနိုင်မည်ဟု ဆက်လက် အကောင်းမြင်ထားဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly